Home
မြန်မာသတင်း
အမျိုး၊ ဘာသာ၊ သာသနာကို အစွန်းမရောက်စေဘဲ ထိန်းသိမ်းရန်  ဗိုလ်ချုပ်မှူးကြီးတိုက်တွန်း
DVB
·
October 23, 2019
အမျိုး၊ ဘာသာ၊ သာသနာနဲ့ပတ်သက်ပြီး နိုင်ငံရေးမတည်မငြိမ်တာတွေ မဖြစ်စေဖို့ အစွန်းမရောက်တဲ့ ထိန်းသိမ်းမှုနဲ့ ထိန်းသိမ်းရမယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ်(YMBA)ရဲ့ ရာသက်ပန် ဂုဏ်ထူးဆောင်နာယက မဟာမင်္ဂလ ဓမ္မဇောတိကဓဇ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မနေ့က အသင်းချုပ်မှာ လာရောက်တွေ့ဆုံ ပြောခဲ့တာဖြစ်ပါတယ်။ အသင်းအဖွဲ့တိုင်းမှာ နာယကဆိုတာဟာ အသိပညာနဲ့အတတ်ပညာတို့ကို ဆင်ခြင်သုံးသပ် ပြီး ကောင်းရာကောင်းကျိုးအတွက် အကြံဉာဏ်ပေးကြရသူတွေဖြစ်လို့ အတွေ့အကြုံတွေ ဆွေးနွေး အကြံပြုဖလှယ်နိုင်ရေးအတွက် အခုလို လာရောက်တွေ့ဆုံတာလို့ ပြောပါတယ်။ အမျိုး၊ ဘာသာ၊ သာသနာနဲ့ပတ်သက်လို့ အစွန်းမရောက်တဲ့ ထိန်းသိမ်းမှုနဲ့ ထိန်းသိမ်းရမှာ ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတွေကို အသိပညာ၊ အတတ်ပညာ ကြွယ်ဝသူတို့ရဲ့ ဦးဆောင်မှုတွေ၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့ရဲ့ အနီးကပ်ကြပ်မတ်ကွပ်ကဲမှုတွေနဲ့ တိုင်းပြည် ကောင်းရာကောင်းကျိုးကို ဆက်လက် ကြိုးပမ်းကြစေလိုတယ်လို့လည်း ပြောခဲ့ပါတယ်။ ပြီးတော့ အတိတ်ဆိုတာဟာ သင်ခန်းစာယူဖို့ပဲ ဖြစ်ပြီး အတိတ်ကဖြစ်ခဲ့တဲ့ မကောင်းတဲ့ ဖြစ်စဉ်တွေ နောင်မဖြစ်စေရေးအဖြေရှာရမှာဖြစ်သလို အသင်းချုပ်ဟာ နိုင်ငံရေးကိုအခြေခံခဲ့တဲ့ လူမှုရေး အဖွဲ့အစည်း ဖြစ်တာနဲ့အညီ အများပြည်သူက အတုယူနေရတဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ဖို့လိုတယ်လို့လည်း ပြောပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ YMBA က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကို ၇၇ ယောက်မြောက်အနေနဲ့ မကြာခင်က ရရှိခဲ့ပြီး တာဝန်ထမ်းဆောင်ဆဲ  တပ်မတော်သားတွေ ထဲမှာတော့ ပထမဆုံးဖြစ်ပါတယ်။  ဒါပေမယ့် တပ်ချုပ်ကို ပေးခဲ့တဲ့ ဘွဲ့နဲ့ပတ်သက်လို့ YMBA အဖွဲ့ဝင်ဟောင်းတွေနဲ့ လက်ရှိ အဖွဲ့ဝင်တွေကြားမှာ အငြင်းပွားတာတွေရှိနေပြီး YMBA ဒုဥက္ကဋ္ဌဟောင်းနဲ့ ဗဟို အလုပ်အမှုအဆောင်ဟောင်း ၂ ယောက်ကို လက်ရှိ ဒုဥက္ကဋ္ဌက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ထားပါတယ်။ YMBA အသင်းကြီးဟာ ၁၉၀၆ ခုနှစ်၊ မေ ၁၀ ရက်နေ့မှာ ပေါ်ပေါက်ခဲ့ပြီး မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာ  လွတ်လပ်ရေးနဲ့ အမျိုးသားနိုင်ငံရေးကိုဦးဆောင်ခဲ့တဲ့ အသင်းအဖွဲ့ကြီး ဖြစ်ခဲ့ဖူးပါတယ်။ ဓာတ်ပုံ-CINCDS
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024