တချိန်က မြန်မာနိုင်ငံရဲ့ ဟစ်ဟော့ပ်တေးဂီတလောကမှာ ဆယ်စုနှစ်နဲ့ချီ ပရိသတ် အားပေးလက်ခံမှုနဲ့ အောင်မြင်ခဲ့တဲ့ အဆိုတော် J-Me ရဲ့ စာအုပ်သစ်တအုပ်ကို အိပ်မက် အသစ်စာပေကနေ ဖြန့်ချိလိုက်ပါတယ်။
DOCUMENTARY လို့ အမည်ပေးထားတဲ့ ဒီစာအုပ်ကိုတော့ တန်ဖိုး မြန်မာကျပ် ၂၅၀၀ နဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး အဆိုတော် J ME က ဒီစာအုပ်ထဲမှာ သူ့အကြောင်း၊ သူတို့ သူငယ်ချင်းမိတ်ဆွေတွေအကြောင်း၊ သူတို့ ရူးသွပ်စွာဖန်တီးခဲ့ကြတဲ့ ဂီတနဲ့ပတ်သက်တဲ့ အကြောင်းစတဲ့ အက်ဆေး ၉ ပုဒ်ပါဝင်တယ်လို့ ဆိုပါတယ်။
အသက် ၃၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ J-Me ဟာ ဒါရိုက်တာ အောင်ကိုလတ်နဲ့ အဆိုတော် တင်မိုးခိုင်တို့ရဲ့ ရင်သွေးတဦးဖြစ်ပြီး ၂၀၀၀ ပြည့်လွန်ကာလတွေကတည်းက လက်ရှိအချိန်ထိ ဟစ်ဟော့ပ်တေးသီချင်းပေါင်းများစွာကို ဖန်တီးမှုအားကောင်းကောင်းနဲ့ ရေးသားသီဆိုခဲ့သူ ဖြစ်ပါတယ်။
တကိုယ်တော် တေးအယ်လ်ဘမ်တွေအနေနဲ့ ကိုယ့်ဘဝနဲ့ကိုယ်၊ ဘဝရဲ့နိဗ္ဗာန်၊ အမွေစားအမွေခံ စတဲ့ တေးအယ်လ်ဘမ်တွေ ထွက်ရှိထားပြီး အတွဲအယ်လ်ဘမ်တွေမှာလည်း သီဆိုအောင်မြင်နေဆဲဖြစ်တဲ့ J-Me ရဲ့ အက်ဆေးတွေထဲမှာ ပရိသတ်တွေက ပုံစံ တမျိုးနဲ့ သူ့ရဲ့ ဖန်တီးနိုင်စွမ်းကို အကဲဖြတ်နိုင်မှာ ဖြစ်ပါတယ်။