ရန်ကုန်တိုင်းအစိုးရ ရောင်းချသည့် မြေကွက်တွင် အများပြည်သူပိုင်ပန်းခြံမြေနေရာပါဝင်နေ
သူဇာလင်း
·
October 22, 2019
ရန်ကုန်တိုင်းအစိုးရက လက်ရှိရောင်းချနေတဲ့ မြေကွက်တွေထဲမှာ ရွှေပြည်သာမြို့နယ်က မြေကွက်တခုက အများပြည်သူပိုင် ပန်းခြံဆောက်မယ့် မြေကွက်ဖြစ်တယ်ဆိုပြီး ပြည်သူတွေက ကန့်ကွက်နေ ပါတယ်။
ရန်ကုန်မြို့တော်ဝန်ကတော့ ပြည်သူတွေ ကန့်ကွက်နေတဲ့ ပန်းခြံမြေကွက်ဆိုတာ စည်ပင်ရဲ့ စီမံခန့်ခွဲလို့ရတဲ့ မြေကွက်ဖြစ်တယ်လို့ အောက်တိုဘာ ၂၁ ရက်က ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒါ့ပေမယ့် ပြည်သူတွေရဲ့ ဆန္ဒအရ ပန်းခြံအဖြစ် သတ်မှတ်စေချင်တယ်ဆိုရင်တော့ လက်ရှိ သတ်မှတ်ထားတဲ့ မြေကို ပန်းခြံမြေအဖြစ် ပြန်လည်ပြောင်းလဲပြီး ဘတ်ဂျက်တောင်းခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အဲဒီမြေကွက်က ပန်းဥယျာဉ်ဌာနက အမည်ပေါက် ပန်းခြံမြေဧရိယာအဖြစ် သတ်မှတ်ထားတာ မရှိသေးဘူးလို့ စည်ပင်သာယာရေးကော်မတီဝင် တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောပါတယ်။
ဒါပေမယ့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာတော့ ပန်းခြံမြေဧရိယာအဖြစ် အသုံးပြုဖို့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေက စီစဉ်ထားသလို ရန်ပုံငွေရာထားချက်လည်း လွှတ်တော်မှာ ပါဝင်ထားပြီးဖြစ်တာကြောင့် ဒီမြေကွက်အတွက် ပြန်လည်စဉ်းစား ဆုံးဖြတ်သွားမယ်လို့ ပြောပါတယ်။
ရန်ကုန်တိုင်းအစိုးရကနေ ဒဂုံ ၄ မြို့နယ်အပါအဝင်၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ် တွေက မြေကွက် ၅၀၀ ကျော်ကို ရောင်းသွားမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ မြေကွက်ဝယ်ယူဖို့အတွက် လျှောက်လွှာတွေကို အောက်တိုဘာလ ၇ ရက်ကနေ နိုဝင်ဘာလ ၈ ရက်အထိ ရောင်းချနေပါတယ်။