ဒေါ်ဥမ္မာလှိုင်၏ ပြောဆိုမှုကသာ ကလေးများအပေါ် ထိခိုက်နစ်နာစေဟု ရှေ့နေပြော
အောင်ဆန်းဦး
·
October 22, 2019
ရှေ့နေတွေရဲ့ ပြောဆိုမှုက ကလေးတွေကို ထိခိုက်စေခြင်းမရှိဘဲမိခင်ဖြစ်သူရဲ့ ဒေါ်ဥမ္မာလှိုင်ရဲ့ ပြောဆိုမှုတွေကသာ ကလေးတွေအပေါ် ထိခိုက်နစ်နာစေတယ်လို့ တရားဆွဲခံရသူရဲ့ ရှေ့နေက သုံးသပ်ပြောပါတယ်။
ဗစ်တိုးရီးယားအမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေအနေနဲ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့တဲ့ ကိစ္စတွေဟာ သားဖြစ်သူတွေအပေါ် ပုဂ္ဂိုလ်ရေး ထိခိုက်မှုတွေ ဖြစ်ပေါ်စေတယ်ဆိုတဲ့အချက်နဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်ကို Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင်က တရားဆွဲဆိုထားတဲ့ အမှုအတွက် အောက်တိုဘာ ၂၁ ရက်နေ့မှာ ပုဗ္ဗသီရီ မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
မနေ့က ရုံးချိန်းမှာတော့ တရားလိုဖြစ်သူ ဒေါ်ဥမ္မာလှိုင်ကို စစ်မေးခဲ့တာဖြစ်ပြီး တရားဆွဲဆို ခံရတဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်က အဓိက စစ်မေးခဲ့ပါတယ်။
ရုံးချိန်းစစ်ဆေးမှုအပြီးမှာတော့ တရားရုံးစစ်ဆေးမှုအပေါ် သတင်းမီဒီယာတွေနဲ့ တွေ့ဆုံချိန် မှာ ဒေါ်စုဒါလီအောင်ရဲ့ရှေ့နေ ဦးခင်မောင်ဇော်က မိမိတို့ရှေ့နေတွေအနေနဲ့ ဒေါ်ဥမ္မာလှိုင် သားဖြစ်သူတွေရဲ့ နာမည်တွေကို ထုတ်ဖော်ပြောဆိုခြင်းမရှိသလို တရားရုံး စစ်ဆေးချက်အတိုင်းသာ ပြောဆိုခဲ့ခြင်းဖြစ်တဲ့အတွက် မိမိတို့ရဲ့ ပြောဆိုမှုတွေကြောင့် ကလေးတွေအပေါ် ထိခိုက်မှု မဖြစ်စေဘဲ အခုလို အမှုဖွင့် တရားဆွဲဆိုခဲ့တဲ့ မိခင်ဖြစ်သူ ဒေါ်ဥမ္မာလှိုင်ရဲ့ ပြောဆိုမှုတွေကြောင့်သာ ကလေးငယ်တွေအပေါ် ထိခိုက်စေတာဖြစ်တယ်လို့ ဆိုပါတယ်။
“အမှုအတွင်းမှာ ပြောဆိုခဲ့တဲ့ စကားလုံးအသုံးအနှုန်း နာမည်တခုကိုပြောတယ်။ အဲဒီ နာမည်နဲ့ ဒီနာမည်ပိုင်ရှင်ကတော့ ဘယ်သူတွေပါဆိုပြီး ကလေးတွေနဲ့ ကပ်ပြတာမဟုတ်ဘူး။ အဲဒီတော့ ဒီအမှုမှာ နစ်နာရင် ဒီအမှုကြီး ပေါ်လာတဲ့အတွက်ကြောင့် ဒေါ်ဥမ္မာလှိုင်က ရုံးရှေ့မှာ ပြောသွားပြီးတော့ အဲဒီရုံးရှေ့ ထွက်ချက်တွေကို ကျနော်တို့ အပြင်မှာ ကျနော်တို့ မပြောလည်း သွားနားထောင်ကြတဲ့ မီဒီယာတွေအကုန်လုံး ကြားသွားတဲ့အတွက် ဒီကလေးတွေက ဖြစ်ရင်။ ကျနော်တို့ဆို အလွန်ဆုံး ကျနော်ဘာပြောလဲဆိုတော့ ရွှေဖျင်းကြီး၊ ရွှေဖျင်းလေးလို့ ကျနော် ပြော တယ်။ ဒါပဲ။ အမှုမှာပေါ်ပေါက်တဲ့ နာမည်ကလွဲရင် ကျန်တဲ့နာမည်တပ်တာ။ ကျနော်က ဒါလည်းပဲ ကလေးတွေအစရှိသဖြင့် အကုန်ငဲ့ညှာတဲ့အတွက် ဗစ်တိုးရီးယားလေးကို အကာအကွယ်ပေး ထားတယ်လို့ ကျနော်ပြောတယ်။ အခုကျတော့ အဲဒါကို ဒါကတော့ဖြင့် ဘယ်သူပါ။ ဘယ်ကျောင်းမှာ တက်ပါတယ်ဆိုတာက ကျနော်တို့ မပြောဘူး။ ဒေါ်ဥမ္မာလှိုင်ပြောပြီးတော့ သူ့အမေက သူ့ဖာသာ ပြောပြီးတော့ နစ်နာတယ်ဆိုလည်း အဲဒါက နစ်နာမှာပေါ့”လို့ တရားဆွဲဆိုခံရတဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်ရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က သုံးသက်ပြောဆို ပါတယ်။
ဒီကနေ့ စစ်ဆေးခဲ့တဲ့ တရားခွင် စစ်ဆေးမှုအပေါ်မှာတော့ တရားလိုဖြစ်သူ ဒေါ်ဥမ္မာလှိုင်ကို အဓိက စစ်မေးခဲ့တဲ့ တရားဆွဲခံထားရသူ ရှေ့နေဒေါ်စုဒါလီအောင်ကတော့ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ စစ်ဆေးခဲ့ရတဲ့အတွက် အားရကျေနပ်မှုရှိတဲ့အပြင် အမှုအပေါ်မှာလည်း ယုံကြည်မှု ရှိတယ်လို့ ဆိုပါတယ်။
“ကျေနပ်တယ်ရှင့်။ ကျမတို့က ပြဋ္ဌာန်းဥပဒေနဲ့အညီ စစ်သွားတာဖြစ်တဲ့အတွက် ကျမအမှုကို ကျမ အရမ်းယုံတယ်။ အားရတယ်။ ကျေနပ်တယ်ရှင့်”လို့ ဒေါ်စုဒါလီအောင်က သူမရင်ဆိုင်နေရတဲ့ အမှုအခြေအနေ အပေါ် မှတ်ချက်ပြုပြောဆိုခဲ့တာပါ။
တရားလိုရှေ့နေဖြစ်သူ ဦးအောင်ရဲစိုးကတော့ “တရားလိုကို စပြီးစစ်တယ်။ တရားလိုကလည်း သူ့မှာ တာဝန်ရှိတဲ့အတိုင်း သူ့စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီးတော့ ထွက်ဆိုတယ်။ တင်ပြတယ်။ ပြီးတဲ့အချိန်မှာ စွပ်စွဲခံရတဲ့ သူတွေဘက်ကလည်း သူ့ရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြနိုင်ဖို့အတွက် လိုအပ်တဲ့ ဥပဒေအရ သူမေးသင့် မေးထိုက်တယ်လို့ သူ့ဖက်က ယူဆရတဲ့အရာတွေကို မေးတယ်။ သူ့အတွက် အပြစ်ကင်းစင်မှု ပြသနိုင်မယ်ထင်တဲ့ ယူဆရတဲ့ သက်သေခံစာရွက်စာတမ်းတွေ တင်တယ်။ ဒါပါပဲ”လို့ တရားရုံး စစ်ဆေးမှုအခြေအနေကို ရှင်းပြခဲ့ပါတယ်။
အမှုနဲ့ပတ်သက်ပြီး အဓိက တရားဆွဲဆိုခဲ့သူ ဒေါ်ဥမ္မာလှိုင်ကိုတော့ အမှုစစ်ဆေးမှုနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေက မေးမြန်းခဲ့ပေမယ့် တစုံတရာ ဖြေဆိုခဲ့ခြင်းမရှိခဲ့ပါဘူး။