အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် ကေအိုင်အေ အလွတ်သဘောဆွေးနွေး

ဓာတ္ပုံ - Seng Ma Facebook
1.7K
ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ အောက်တိုဘာလ ၁၈ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲမှာ အရင်ကတွေ့ဆုံနေကျ Bilitaral အပစ်ရပ်ကိစ္စနဲ့ အိုင်ဒီပီ စစ်ဘေးရှောင် ဒုက္ခသည်အရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးဆန်အောင်က ပြောပါတယ်။
“အကြောင်းအရာကတော့ နဂိုဆွေးနွေးကြတဲ့ အကြောင်းအရာတွေအပေါ်မှာပဲ ဆွေးနွေး ကြမယ် ထင်ပါတယ်။ အစည်းအဝေးကို ဘယ်တော့ပြန်လုပ်မလဲ ဆိုတဲ့ဟာတွေပေါ့နော်။ Bilitaral ကိစ္စတွေ၊ အိုင်ဒီပီကိစ္စတွေပေါ့။ ရှေ့သွားမယ့်ကိစ္စတွေကိုပဲ ဆွေးနွေးတာဖြစ်ပါတယ်။”
ကေအိုင်အိုအဖွဲ့အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့ဟာ အစိုးရနဲ့ သြဂုတ် ၃၁ ရက်နေ့က ကျိုင်းတုံမြို့မှာ တစ်ကြိမ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း ကျိုင်းတုံမြို့မှာ တစ်ကြိမ် တွေ့ဆုံဆွေး နွေးခဲ့ကြပါတယ်။
ဒီတွေ့ဆုံဆွေးနွေးပွဲတွေမှာ သဘောတူညီချက်တချို့ရရှိခဲ့ပေမယ့် လက်တွေ့ကျတဲ့ မြေပြင်က တိုက်ပွဲတွေရပ်တန့်ဖို့ ကိစ္စတွေကိုတော့ အောင်မြင်အောင် မဆွေးနွေးနိုင်ခဲ့ကြပါဘူး။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့တုန်းကလည်း အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ကေအန်ပီပီတို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ အလွတ်သဘော တွေ့ဆုံ ခဲ့ကြပါတယ်။