အိုက်စ်မူးယစ်ဆေးဝါးများ မြန်မာနယ်စပ်မှ ဝင်လာဟု ထိုင်းရဲတပ်ဖွဲ့ရှင်းလင်း
DVB
·
October 21, 2019
ပြီးခဲ့တဲ့ သီတင်းပတ်က တာခ်ခရိုင်မှာ စံချိန်တင်ဖမ်းဆီးရမိတဲ့ အိုက်စ်မူးယစ်ဆေး ၁ တန်ခွဲလောက်ဟာ မြန်မာနယ်စပ်ကနေ ဝင်လာတဲ့ မူးယစ်ဆေးတွေဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
ထိုင်းနိုင်ငံမူးယစ်ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးဌာန၊ အခွန်ဌာနနဲ့ ထိုင်းစစ်တပ်တို့က တာဝန်ရှိသူတွေက ဖမ်းဆီးရမိတဲ့ အိုက်စ်မူးယစ်ဆေးတွေနဲ့ပတ်သက်ပြီး တာခ်ရိုင်ရဲစခန်းမှာ ဒီနေ့ မနက် ၉ နာရီလောက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
သတင်းစာရှင်းပွဲမှာ ထိုင်းရဲ အမှတ်(၆) ရဲတပ်ဖွဲ့မှူး ဒုရဲဗိုလ်ချုပ် အဖိချပ်စိရိစေ့က “မူးယစ်ဆေးတွေ ထိုင်းနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံက ဝင်ရောက်လာမယ်လို့ လဆန်းပိုင်းလောက်မှ သတင်းရထားပါတယ်။ ဒီမူးယစ်ဆေးတွေဟာ ကန်ချနဘူရီ မြန်မာ-ထိုင်းနယ်စပ်က မူးယစ်ဆေး ဖြစ်ပါတယ်။ ဒီဒေသမှာ ထိုင်းစစ်တပ်နဲ့ တာဝန်ရှိရဲတပ်ဖွဲ့တို့က လုံခြုံရေးတင်းကျပ်ချထားလို့ ရှောင်တဲ့အနေနဲ့ တာခ်ခရိုင် ဖုတ်ဖရ ဘက်ကို ပြောင်းလာတဲ့သဘောဖြစ်တယ်၊ ဒါကြောင့် ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်း ဖမ်းဆီးရတာ”လို့ ပြောပါတယ်။
အောက်တိုဘာလ ၁၈ ရက်မနက်က တာ့ခ် ခရိုင် ဝှေ့ရားဥ စစ်ဆေးရေးဂိတ်မှာ အိုက်စ် မူးယစ်ဆေးဝါး အလေးချိန် တတန်ခွဲလောက်ကို ထိုင်းရဲတပ်ဖွဲ့က စံချိန်တင် ဖမ်းဆီးရမိခဲ့တာပါ။
အဆိုပါမူးယစ်ဆေးဝါးတွေကို မြန်မာ-ထိုင်းနယ်စပ် ၆ ကီလိုမီတာလောက်ဝေးတဲ့ ထိုင်းနယ်စပ်တနေရာကနေ ထိုင်းနိုင်ငံ အလယ်ပိုင်းက အယုဒ္ဓယမြို့ကို ပို့ဆောင်မှာဖြစ်ပြီး မူးယစ်မှောင်ခိုသမားတွေက ယာဉ်မောင်းကို ဘတ်ငွေ ၃ သိန်း သယ်ဆောင်ခပေးပြီး ငှားရမ်းခဲ့တာ လို့ ထိုင်းရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် တဦးကို ဖမ်းဆီးခဲ့တဲ့အပြင် သယ်ဆောင်ဖို့ ဆက်သွယ်ပေးသူ တဦးကိုလည်း ထပ်မံ ဖမ်းဆီးထားပြီး ကွင်းဆက်တရားခံတွေ ဖမ်းဆီးနိုင်ရေးအတွက် ရှေ့ဆက်စစ်ဆေးသွားမယ်လို့ လည်းပြောပါတယ်။
ကားပေါ်မှာ ပါလာတဲ့ အိုက်စ်မူးယစ်ဆေးတွေနဲ့အတူ ကုန်တင်ကားကိုတော့ ထိုင်းပြည်သူပိုင် ပစ္စည်းအဖြစ် သိမ်းဆည်းသွားမယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံထဲကို နိုင်ငံခြားက ဝင်ရောက်လာတဲ့ မူးယစ်ဆေးတွေဟာ တတိယနိုင်ငံကို ဦးတည်သွားကြတာဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းမှာတော့ ၁၅ ရာခိုင်နှုန်း အထိသာ သုံးစွဲကြတယ်လို့ ဒုရဲဗိုလ်ချုပ် အဖိချပ်စိရိစေ့က ပြောပါတယ်။
“ပျံ့နှံ့နေတဲ့ မူးယစ်ဆေးဝါးတွေဟာ နိုင်ငံတကာက သုံးစွဲသူပိုများပါတယ်။ အဓိကတော့ ဖွံ့ဖြိုးပြီးနိုင်ငံတွေဖြစ်ပါတယ်။ မူးယစ်ဆေးတွေ တတိယနိုင်ငံကိုသွားကြပြီး ထိုင်းနိုင်ငံမှာ တော့အနည်းငယ်သာ ကျန်ရစ်သွားတာဖြစ်တယ်။ အဲဒါကို ထိုင်းတွေနဲ့ထိုင်းမှာနေတဲ့ နိုင်ငံခြားသားတွေ သုံးစွဲကြတာဖြစ်တယ်။”
မြန်မာ-ထိုင်းနယ်စပ်ကနေ မူးယစ်ဆေးတွေ ထပ်ပြီး ဝင်ရောက်လာမယ့် သတင်းတွေ ရှိနေသေးလို့ ထိုင်းအာဏာပိုင်တွေက စောင့်ကြည့်ပြီး လုံခြုံရေးနဲ့ စစ်ဆေးရေးဂိတ်တွေလည်း တိုးချဲ့ချထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
ဖိုးစီ