ဖိလစ်ပိုင်နိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လေ့လာဖို့ ဦးမင်းကိုနိုင်နဲ့ ဦးကိုကိုကြီးတို့ ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသား ၁၆ ယောက်ပါတဲ့အဖွဲ့ဟာ ထိုင်းနိုင်ငံကတဆင့် ဖိလစ်ပိုင်နိုင်ငံကို ဒီနေ့ ထွက်ခွာသွားပါတယ်။

ဇန်နဝါရီ ၁၄ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ၅ ရက်ကြာ ခရီးစဉ်အတွင်းမှာ ဖိလစ်ပိုင်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေကို လေ့လာကြမယ်လို့ ဆိုပါတယ်။
ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဖြေရှင်းရေးအတွက် ဖိလစ်ပိုင်မှာ သွားရောက် လေ့လာမယ့် ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ ရုံးအဖွဲ့မှူး ဦးဇော်မင်းက အခုလို ပြောပါတယ်။
“ငြိမ်းချမ်းရေး၊ ပဋိပက္ခဖြေရှင်းရေးဆိုတဲ့ သင်တန်းပုံစံမျိုးပေါ့။ ငြိမ်းချမ်းရေး၊ ပဋိပက္ခဖြေရှင်းရေးကို အခြေခံပြီး သွားမှာဖြစ်တဲ့အတွက် သူတို့တွေနဲ့ ဆက်စပ်ပြီး လုပ်ဆောင်မယ့် အဖွဲ့အစည်းအတော်များပါတယ်။ အစိုးရပိုင်းဆိုင်ရာလည်းပါမယ်၊ လက်နက်ကိုင်အဖွဲ့အစည်း စစ်တပ်တာဝန်ရှိသူတွေနဲ့လည်း တွေ့မယ်။ အစိုးရပိုင်း တာဝန်ရှိသူတွေလည်း ပါလိမ့်မယ်။ ဖိတ်ကြားတယ်ဆိုတာထက် နှစ်ဖက်အဖွဲ့အစည်းတွေ ညှိနှိုင်းလုပ်တဲ့သဘောပါ။”
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းက အကျဉ်းထောင် အသီးသီးက ပြန်လည် လွတ်မြောက်လာပြီးနောက် ပွင့်လင်းလူ့အဖွဲ့အစည်းအမည်နဲ့ ပြည်တွင်းစစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပြည်တွင်းပြည်ပမှာ ခရီးလှည့်လည် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ဒီခရီးစဉ်မှာ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေး စသူတို့ လိုက်ပါသွားပြီး ဦးမင်းကိုနိုင် အတွက်တော့ ပထမဆုံး ပြည်ပခရီးစဉ်လည်း ဖြစ်ပါတယ်။