Home
မြန်မာသတင်း
တရုတ်နှင့်အိန္ဒိယ အအေးလှိုင်းကြောင့် မြန်မာပြည် အအေးပို
ရွှေအောင်
·
January 14, 2013
တရုတ်နဲ့ အိန္ဒိယမှာ ဖြတ်သန်းနေတဲ့ အအေးလှိုင်းတွေနဲ့ ဆက်စပ်ပြီး မြန်မာပြည်အ ရပ်ရပ်မှာ အအေးပိုခဲ့ပြီး နောက် တရက်ခွဲလောက်ဆိုရင်တော့ တပြည်လုံး အအေးသက်တမ်းကုန်ပြီလို့ မြန်မာနိုင်ငံ မိုးလေ၀သဌာနက ပြောပါတယ်။ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့က အအေးလှိုင်းတွေနဲ့ မြန်မာပြည် ဆက်စပ်ပတ်သက်နေပုံကို မိုးလေ၀သဌာန ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က ခုလို ရှင်းပြပါတယ်။ “အိန္ဒိယဘက်က ၇ ရက်လောက်က အအေးလှိုင်းစဖြတ်ပြီး ၈-၉ မှာ ဘင်္ဂလားဒေ့ရှ်ကို ရောက်တယ်။ ကျနော့်တို့နိုင်ငံထဲကိုတော့ အအေးလှိုင်း ပုံစံနဲ့တော့ မ၀င်လာဘူး။ အအေးပျံ့နှံ့မှုပုံစံနဲ့ ၀င်လာတယ်။ အဲလိုဝင်လာတဲ့အတွက် အေးတယ်။ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် ခံစားရသလို အအေးလှိုင်းကို ကျနော်တို့ မခံစားလိုက်ရဘူး။ အအေးလှိုင်းဆိုတာ ပုံမှန်အပူချိန်အောက် အနည်းဆုံး ၇ ဒီဂရီစင်တီဂရိတ် ကျမှသာလျှင် အအေးလှိုင်းဝင်ပါတယ်။ မြို့တမြို့ဟာ ဇန်န၀ါရီမှာ ပျမ်းမျှအပူချိန် ၁၀ ဒီဂရီစင်တီဂရိတ်ရှိရင် အဲဒီ ၁၀ ကနေ ၃ ဒီဂရီစင်တီဂရိတ်လောက် ကျသွားတယ်ဆိုရင် ၇ ဒီဂရီ စင်တီဂရိတ်လျော့သွားတယ်။ အဲဒါဆို အအေးလှိုင်းလို့ ပြောရမယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၃ ရက်အတွင်းမှာ တွေ့ရတာကတော့ ၇ ဒီဂရီစင်တီဂရိတ်မကျဘဲနဲ့ ၅ ဒီဂရီလောက်ပဲ လျော့ကျတာ တွေ့ရတယ်။ အေးတော့ အေးတယ်၊ အအေးလှိုင်းဒဏ်တော့ မခံစားလိုက်ရဘူး။ တရုတ်ပြည်လည်း ဇန်န၀ါရီလ ၅-၆-၇-၈-၉-၁၀-၁၁ ဒီနေ့အထိ အအေးလှိုင်းဖြတ်နေတယ်။ အဲဒီဖြတ်တဲ့ အအေးလှိုင်းက တောင်ဘက်ကို ခွဲဖြာထွက်ပြီး လေအေးပျံ့နှံ့မှုက မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်နယ်ဘက်ကိုရောက်တယ်။ အဲဒီအခြေအနေကြောင့် မြန်မာပြည် အရှေ့ပိုင်းအေးတာက တရုတ်ပြည်မှာရှိတဲ့ အအေးလှိုင်းဖြတ်ကျော်မှုနဲ့ ဆက်စပ်တယ်။ မြန်မာနိုင်ငံအနောက်ပိုင်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တို့၊ ရခိုင်ပြည်နယ်တို့ အေးတာကတော့ အိန္ဒိယဘက်က ဖြတ်လာတဲ့ အအေးလှိုင်းနဲ့ ဆက်စပ်တယ်။” ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာ ၁၀ ဒီဂရီ စင်တီဂရိတ်လောက်ထိ ရှိခဲ့ပြီး ဒီနေ့တော့ ၁၃ ဒီဂရီ စင်တီဂရိတ်လောက်ထိ အပူချိန်ပြန်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့က ဒီဗွီဘီသတင်းထောက် ကိုကျော်သက်မင်းက “ဆောင်းတွင်း အခုလိုမျိုးအေးတာတော့ တခါမှ မဖြစ်သေးဘူး။ ဒီနှစ်မှစပြီးတော့ ကြုံရတာ။ နေ၀င်သွားမှ ညပိုင်းကို အေးတာ မနက်အစောကြီးအထိ၊ နေ့ခင်းဘက်ကတော့ ပူတာပဲ” လို့ ပြောပါတယ်။ မန္တလေးမြို့ခံ စာနယ်ဇင်းဆရာ ကိုမင်းထက်ငြိမ်းချမ်းက  “ညပိုင်းအပြင်ထွက်ရင် နားတွေရော၊ လည်ပင်းတွေရောအကုန် လုံအောင်ဖုံးပြီး မာဖလာတွေနဲ့ပတ်၊ ခြေအိတ်တအိတ်ပါမှ အဆင်ပြေတယ်။ ဒီနှစ်က မနှစ်ကထက် ပိုပြီးအေးတယ်။ ဒီဇင်ဘာ ၀င်ကတည်းက အေးနေတာ အခု ဇန်န၀ါရီ လဆန်းကစပြီး သိသိသာသာ အေးပါတယ်။ ဒီနှစ်ပိုအေးတယ်လို့ ကျနော် ခံစားရတယ်။ လက်ဖက်ရည်ဆိုင်တွေလည်း ဘောလုံးပွဲရှိရင်သာ ထိုင်ကြတာ၊ မရှိရင် စောစောပြန်ကြတယ်” လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024