Live
Home
မြန်မာသတင်း
ကေအိုင်အေဌာနချုပ် လိုင်ဇာကို လက်နက်ကြီးကျ၊ အရပ်သား ၃ ဦး သေဆုံး
နန်းမြနဒီ
·
January 14, 2013
ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့ထဲကို ဒီကနေ့မနက်မှာ အစိုးရတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် အရပ်သားတွေ သေကျေဒဏ်ရာရခဲ့ပါတယ်။ ဒီနေ့ မနက် ၈ နာရီကျော်လောက်က ကေအိုင်အေ ထိန်းချုပ်နယ်မြေ ဒေါ့ဖုန်းယန်မှာ   ရောက်ရှိနေတဲ့ အစိုးရတပ်ဟာ လိုင်ဇာမြို့ထဲကို ၁၀၅ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ခါဂျန်ရပ်ကွက်ထဲက လူနေအိမ်တွေ ထိမှန်ပြီး လူ ၃ ဦး သေဆုံးကာ ၄  ဦး ဒဏ်ရာရခဲ့တယ်လို့ ကေအိုင်အေ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါတယ်။ “ဒေါ့ဖုန်းယန်ကနေ လက်နက်ကြီးနဲ့ ၁၇ ကီလိုမီတာလောက် အဝေးကနေ နေ့တိုင်း ပုံမှန် ပစ်နေကျပါ။ ဒီနေ့ကျတော့ ရွာထဲက အရပ်သားတွေနေတဲ့ နေရာကို သွားထိမှန်ပြီး အရပ်သား သေဆုံးတာမျိုး ဖြစ်ခဲ့တာပါ။ လိုင်ဇာကို ပထမဆုံး ပစ်ခတ်တာလို့ ပြောရမယ်။ ” အစိုးရတပ်ဖွဲ့တွေက အနည်းဆုံး ၄ ကြိမ်လောက် ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး  တိုက်ခိုက်မှုတခုမှာ မိသားစုတွေ အများကြီး စုနေတဲ့အိမ်ကို လက်နက်ကြီးကျည်ကျလို့ လူ ၃ ဦး သေဆုံးသွားကြောင်းနဲ့ နောက်တကြိမ် တိုက်ခိုက်မှုတခုမှာတော့ လမ်းပေါ်မှာ  ကျရောက်ပေါက်ကွဲလို့ အနီးကလူတွေကို ထိခိုက်ခဲ့တာလို့  ဦးလနန်က ပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံပို့ဆောင်ထားပြီး လူနာတွေရဲ့အခြေအနေနဲ့ပတ်သက်ပြီး လိုင်ဇာဆေးရုံ တာဝန်ကျဆေးဝန်ထမ်းတဦးက “ပွဲချင်းပြီးတယောက်တော့ ကျနော်တို့ ဆေးရုံမှာပဲ အလောင်းထားတယ်။ တယောက်ကတော့ ဆေးရုံရောက်ပြီး ၅ မိနစ် ၁၀ မိနစ်လောက်မှာ အသက်ထွက်သွားတယ်။ သေသွားတဲ့သူက ၁၉ နှစ်အရွယ် ၉ တန်းပဲ ရှိသေးတယ်။ သေသွားတာ ယောက်ျားချည်းပဲ သုံးယောက်။ ဒဏ်ရာရသူတွေထဲက တယောက်က ဘယ်ခြေတောက်ဖိနောက် တခုလုံးပါသွားတယ်။ နောက်တယောက်က ညာခြေတောက် ဖမိုးနဲ့ပေါင်းမှာ ထိသွားတယ်။ ၂ နှစ်ကျော် ကလေးကတော့ ညာဘက် မျက်ခုံးအောက်နားမှာ ထိသွားတယ်။ ၁၀ နှစ်ကျော် ကလေးတယောက်ကတော့ ကျောကုန်းမှာ ထိတယ်။” ဖားကန့်မြို့နယ်ဘက်မှာလည်း အစိုးရတပ်တွေ နောက်ထပ်အမြောက်အမြား ၀င်ရောက်လာကြပြီး ဇန်န၀ါရီ ၁၃ ရက် မနက် ၆ နာရီလောက်က ဖားကန့်နဲ့ ၈ မိုင်လောက်အကွာ လုံးခင်းကျေးရွာအုပ်စု ကထန်ယန်ရွာနားမှာ  လက်နက်ကြီးတွေ ပစ်ခတ်သံနဲ့ မိုင်းခွဲသံတွေ ကြားရတယ်လို့ ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဦးဒါရှီလဆိုင်းက ပြောပါတယ်။ ဖားကန့်ဒေသမှာ တိုက်ပွဲတွေ အချိန်မရွေး ထပ်ဖြစ်နိုင်တဲ့အတွက်  အနီးအနား ပတ်ဝန်းကျင် မားဆား၊ ကထန်၊ ဆန်ခါနဲ့ မဇွပ်ယန် စတဲ့ ရွာသားတွေကို ဖားကန့်ဘာသာရေးနဲ့ လူမှုရေးအဖွဲ့က ကားတွေနဲ့ သွားကြိုပြီး ဖားကန့်မြို့ပေါ် ပြောင်းရွှေ့ထားတယ်လို့ ဦးဒါရှီလဆိုင်းက ပြောပါတယ်။ နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကတော့ ဇန်န၀ါရီ ၁၃ ရက်နေ့ မနက် ၅ နာရီအချိန် ကထယန်ရွာနားမှာ နယ်မြေ လုံခြုံရေးယူနေတဲ့ တပ်မတော်စစ်ကြောင်းကို ကေအိုင်အေက ပစ်ခတ်တိုက်ခိုက်တဲ့အတွက် ရွာသားတဦးဖြစ်သူ မောက်ကရိန်နော် အသက် ၁၈ နှစ် ရဲ့ ၀ဲဘက်ပေါင်နဲ့ ယာဘက် လက်မောင်းကို ကျည်ထိမှန်ခဲ့တယ်လို့ သူ့ရဲ့ ဖေ့စ်ဘုတ် လူမှုကွန်ရက် အင်တာနက် စာမျက်နှာ မှာ ရေးသားဖော်ပြထားပါတယ်။ အစိုးရတပ်က ကေအိုင်အေကို မြေပြင်နဲ့ ဝေဟင်ကပါ ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲတွေဟာ နေရာအနှံ့မှာ တနေ့ကို  အနည်းဆုံး ၅ ကြိမ်လောက် ဖြစ်ပွားနေပြီး  မနေ့ကလည်း ကေအိုင်အိုထိန်းချုပ်နယ်မြေ တပ်မဟာ ၃ ဒေသဘက်ကို လေယာဉ်နဲ့ ၂ ကြိမ်၊  မွန်းလွဲပိုင်းနဲ့ ညနေပိုင်းတွေမှာ ရဟတ်ယာဉ်တွေနဲ့ လာရောက်တိုက်ခဲ့တယ်လို့ ကေအိုင်အေက ပြောပါတယ်။ လိုင်ဇာမှာရှိတဲ့ အရပ်သားတွေအနေနဲ့တော့ တိုက်ပွဲဖြစ်လာရင် ပြေးစရာမြေ မရှိတော့တဲ့အတွက် ကိုယ်တိုင်တူးထားတဲ့ ဗုံးခိုကျင်းတွေထဲမှာပဲ ၀င်ရောက် ပုန်းအောင်းရတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူ ကချင်ငြိမ်းချမ်းရေးကွန်ရက် အဖွဲ့ဝင် ဒေါ်ခေါင်န်ဂျာက ပြောပါတယ်။ “ထွက်ပြေးမယ်ဆိုလည်း ပြေးမယ့်နေရာမရှိဘူး။ အောက်မှာက မြန်မာ့တပ်မတော်က နေရာယူထားပြီ။ အပြင်ဘက်ကတော့ တရုတ်နိုင်ငံဖြစ်သွားပြီ။ မြို့နေလူထုက ၁၂,၀၀၀ လောက်ရှိသေးတယ်။ ပြီးတော့ အဲနားမှာ ရွာပုန်းရွာရှောင် (အိုင်ဒီပီ) တွေက ၁ သောင်းကျော် ရှိသေးတယ်။ အကုန်လုံးက တရုတ်ပြည်ထဲလည်း ၀င်လို့မရဘူး။ ဂိတ်ကလည်း ၁ ခုပဲ ရှိတယ်။ တရုတ်ကလည်း လက်မခံဘူး။ လေယာဉ်ကလာတဲ့အချိန်ဆို လူတွေက သူတို့လက်တွေနဲ့ တူးထားတဲ့ ကျင်းတွေထဲမှာပဲ ပြန်ပုန်းလိုက်၊ ပြန်ထွက်လာလိုက် လုပ်နေကြရတယ်။”

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024