Home
မြန်မာသတင်း
တရုတ်ရုင်းနှီးမြှုပ်နှံမှု‌ စီမံကိန်းများအတွက် ကြိုလေ့လာသင့်ဟု အမေရိကန်စီးပွားရေးပညာရှင် ပြော
DVB
·
October 20, 2019
မြန်မာနိုင်ငံမှာ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှု‌တွေနဲ့ ပတ်သက်ပြီး နောင်လာမယ့် စီမံကိန်းတွေအတွက် ကြိုတင်လေ့လာမှု‌တွေ ပြုလုပ်သင့်တယ်လို့ အမေရိကန် စီးပွားရေးသုတေသနပညာရှင်က ပြောပါတယ်။ မြန်မာနိုင်ငံအတွင်း ဝင်‌ရောက်လာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး Building and Buying: How State-backed Investment Wields Influence ခေါင်းစဉ်နဲ့ ဟောပြောပွဲကို အောက်တိုဘာလ ၁၉ရက်နေ့က မန္တလေးမြို့ ဂျက်ဖာဆန်စင်တာမှာ ပြုလုပ်ခဲ့ပါတယ်။ ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် လေ့လာမှု အတွေ့အကြုံရှိတဲ့ အမေရိကန်နိုင်ငံသား မက်သရူးဖားချဲန်က ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကတော့ ကမ္ဘာအနှံ့မှာရှိတဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ စီးပွားရေးဖွံ့ဖြိုးလာဖို့အတွက် သိရှိစေဖို့ ပြုလုပ်တာလို့ ဆိုပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာအနှံ့မှာ ငွေကြေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို အဓိက လုပ်ကိုင်နေတာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ စီးပွားရေး စီမံကိန်းတချို့ကြောင့် ရလဒ်ကောင်းတွေ ရေရှည်တည်တံ့‌အောင် စီမံပေးနိုင်တာ ရှိသလို ခက်ခဲမှုတွေ၊ ဆုတ်ယုတ်မှုတွေ၊ ဆိုကျိုးရှိတာတွေကိုလည်း တွေ့နိုင်တယ်လို့ မက်သရူးဖားချဲန်က ပြောပါတယ်။ “သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ စီမံကိန်းတွေမှာဆိုရင်တော့ အခက်အခဲတွေ ရှိတယ်။ တချို့ဟာတွေက ဆုတ်ယုတ်သွားတာတွေ ရှိတယ်။ တခြားတဖက်မှာလည်း ကောင်းတဲ့ရလဒ်တွေကို ဖော်ဆောင်ပေးနိုင်မယ့် စီမံကိန်းတွေလည်း ရှိပါတယ်။ ဒါကြောင့် တချို့စီမံကိန်းတွေက ရလဒ်တွေ ကောင်းတယ်၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဦးတည်နေပေမယ့်လည်း တချို့စီမံကိန်းတွေကတော့ ဆိုးကျိုးတွေ ရှိစေနိုင်တာကို တွေ့ရပါတယ်။ ” တရုတ်နိုင်ငံနဲ့ စီးပွားရေး လက်တွဲလုပ်ဆောင်ရာမှာ အတွေ့အကြုံဟောင်းတွေကနေ သင်ခန်းစာယူပြီး နောင်လာမယ့် စီမံကိန်းတွေအတွက် ကြိုတင်လေ့လာသင့်သလို တခြားနိုင်ငံတွေမှာ တရုတ်က ရင်းနှီးမြှုပ်နှံထားတဲ့ စီးပွားရေး မူဝါဒတွေ၊ လုပ်ဆောင်မှုတွေကိုလည်း သင်ခန်းစာယူ လေ့လာသင့်တယ်လို့ မက်သရူးဖာချဲန်က ဆိုပါတယ်။ ဟောပြောပွဲကို တက်ရောက်လာတဲ့ စီးပွားရေးနှင့် အင်္ဂလိပ်စာသင်တန်း တည်ထောင်သူ ဦးဝေယံပိုင်က “မြန်မာနိုင်ငံမှာတော့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ တတိယအများဆုံးနိုင်ငံ ဖြစ်တဲ့အတွက် အပေါ်စီးကနေ ဆက်ဆံလို့ မရနိုင်ဘူး။ တချို့ကိစ္စတွေမှာ အစိုးရအချင်းချင်း ဆွေးနွေးကြတယ်။ ကျနော်တို့ ပြည်သူတွေက ဘယ်လို ဆွေးနွေးထားလဲဆိုတာ မသိရဘူး။ ရေရှည်မှာ အကောင်းဆုံးဖြစ်အောင် နှစ်ဖက် အစိုးရအနေနဲ့ ဘယ်လို ညှိနှိုင်းဆောင်ရွက်မလဲပေါ့။ အနိုင်ကျင့်တဲ့ပုံစံမျိုး မဟုတ်ဘဲနဲ့ ကျနော်တို့ဘက်ကလည်း အကျိုးကျေးဇူးရှိအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာမျိုး ညှိနှိုင်းဖို့ပဲ အဆင်ပြေမယ်လို့ ထင်တယ်”လို့ ပြောပါတယ်။ တရုတ်နဲ့ စီးပွားရေး ဆက်ဆံရာမှာ မြန်မာနိုင်ငံအနေနဲ့ ရေကာတာနဲ့ ဆည်တမံ လုပ်ဆောင်ဖို့တွေ၊ မီးရထားစီမံကိန်းတွေ အလားတူကိစ္စတွေကို စနစ်တကျ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း မက်သရူးဖာခ်ျန်က ပြောပါတယ်။ ထိန်ထိန်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024