မန္တလေး – မြစ်ကြီးနား အထူးရထား မိုင်းခွဲခံရ

မြစ်ကြီးနားကနေ မန္တလေးမြို့ကို ထွက်ခွာလာတဲ့ အမှတ် ၃၄ အစုန် အိပ်စင်အထူးရထားဟာ ဇန်န၀ါရီ ၁၃ ရက် မနက် ၃ နာရီ ၁၇ မိနစ်မှာ မိုင်းခွဲတိုက်ခံခဲ့ရပါတယ်။
ရထားဟာ နန့်စီးအောင်နဲ့ မော်လူးကျေးရွာ အကြားမှာ မိုင်းခွဲခံရတာလို့ မြစ်ကြီးနား ဘူတာ တာဝန်ကျအရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။
“မနေ့ညက ရထားမိုင်းခွဲခံရတယ်။ ရထားလမ်းချော်သွားတယ်။ နန့်စီးအောင်နဲ့ မော်လူးကြားမှာ ဖြစ်တာ။ လူ ထိခိုက်ဒဏ်ရာရတာတော့ လုံးဝမရှိဘူး။”
ဒီမိုင်းခွဲမှုကြောင့် အိပ်စင် အထူးရထားရဲ့ စက်ခေါင်းအမှတ် (DF-2058) ဟာ သံလမ်းအ ရှေ့ဘက်ဆီကို လဲကျခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါရထားမှာ စက်ခေါင်းအပါအ၀င် ၁၁ တွဲ ပါရှိတယ်လို့ ဆိုပါတယ်။
ဒီမိုင်းခွဲမှုဟာ ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)က လုပ်ဆောင်တာလို့ ယူဆရကြောင်းနဲ့ ဒီကိစ္စပေါ် ဝေဖန်ပြောဆိုလိုခြင်း မရှိကြောင်းလည်း တာဝန်ရှိသူက ပြောပါတယ်။
“ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ ညှိမှ ရမှာပေါ့။ သောင်းကျန်းသူတွေ ခွဲတယ် ထင်တာပဲ။ ကျနော်တို့က ၀န်ထမ်းဆိုတော့ ဘာမှ ပြဿနာမရှိဘူး။ ၀န်ထမ်းဆိုတော့ ခိုင်းတာ လုပ်နေရတာ။ ရထားမိုင်းခွဲခံရတယ်ဆိုရင် ကျနော်တို့ ဌာနဆိုင်ရာ ၀န်ထမ်းတွေက ပြင်ပြီး ရထားပုံမှန် ဆက်သွားနိုင်အောင် လုပ်မှာပဲ။”
ရထားလမ်း ပျက်စီးမှုကြောင့် မန္တလေး - မြစ်ကြီးနား ခရီးစဉ်တွေကို ခေတ္တပိတ်ထားရ တယ်လို့ ဆိုပါတယ်။
ဒီမိုင်းခွဲမှုနဲ့ ပတ်သက်ပြီး ကေအိုင်အေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
မန္တလေး - မြစ်ကြီးနား မီးရထားလမ်းပိုင်းတွေမှာ် မိုင်းဖောက်ခွဲမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး လူစီးအထူးရထားကို မိုင်းခွဲခံရတာ ဒါပထမဆုံးအကြိမ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီ ၉ ရက်နေ့တုန်းကလည်း နဘား - မြစ်ကြီးနား လော်ကယ်ရထား မိုင်းခွဲခံခဲ့ရတဲ့အတွက် လုံခြုံရေး ရဲသား ၁ ဦး သေဆုံးခဲ့ရပါတယ်။