Homeမြန်မာသတင်း
ရွှေတြိဂံ ကာစီနိုရုံမှ မြန်မာနှင့်လာအို အလုပ်သမား ၃၀၀ ကျော် လစာတိုးမြှင့်ပေးရေး တောင်းဆို
ရွှေတြိဂံ ကာစီနိုရုံမှ မြန်မာနှင့်လာအို အလုပ်သမား ၃၀၀ ကျော် လစာတိုးမြှင့်ပေးရေး တောင်းဆို
DVB
·
October 19, 2019
ရွှေတြိဂံဒေသ၊ လာအိုနိုင်ငံအတွင်း ဖွင့်လှစ်ထားတဲ့ ကာစီနိုရုံက မြန်မာနဲ့ လာအို အလုပ်သမား ၃၀၀ ကျော်ဟာ လုပ်ခလစာန ည်းပါးတဲ့အတွက် တိုးမြှင့်ပေးဖို့ လုပ်ငန်းခွင်မဝင်ဘဲ တောင်းဆိုခဲ့ကြရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အလုပ်သမားတွေအနေနဲ့ အနည်းဆုံးလုပ်ခကို ယွမ် ၃၀၀၀ ပေးဖို့ တောင်းဆိုရာက အလုပ်ရှင်ဘက်က ငြင်းဆန်တာကြောင့် အလုပ်သမား ၃၀၀ ကျော် လုပ်ငန်းခွင်မဝင်ဘဲ စုပေါင်းတောင်းဆိုမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
မြန်မာအလုပ်သမားတဦးက “သူတို့ပေးတဲ့ လစာနည်းလို့ ထပ်တိုးပေးဖို့ တောင်းဆိုတာကို အလုပ်ရှင်ဘက်က မလုပ်နိုင်ရင် ထွက်လို့ မနေ့က ပြောတယ်။ ဒါကို မကျေနပ်ကြလို့ မြန်မာအလုပ်သမားတွေအပြင် လာအိုက အလုပ်သမားတွေကော ပေါင်းပြီး လစာထပ်တိုးမပေးရင် အားလုံး ထွက်မယ်လို့ဆိုပြီး အခု တောင်းဆိုနေတာပါ၊။ ဒီဘက်မှာက တရုတ်ယွမ်နဲ့ ထိုင်း ဘတ်ငွေကို သုံးကြတာ။ သူတို့ပေးတဲ့ လစာက စားဝတ်နေရေး မလုံလောက်ဘူး။ ဒါ့အပြင် သူတို့က အနိုင်ကျင့်တာတွေလည်း ပါလို့ တောင်းဆိုကြတာ “ လို့ပြောပါတယ်။
အလုပ်သမားတွေရဲ့ စုပေါင်းတောင်းဆိုမှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး လာအိုဒေသ ရဲတွေနဲ့ တရုတ်ကုမ္ပဏီက လုံခြုံရေးတွေ ရောက်ရှိလာပြီး အခြေအနေကို ထိန်းသိမ်းထားကာ ကာစီနိုက တာဝန်ရှိသူတွေနဲ့ အလုပ်သမားခေါင်းဆောင်တွေ တွေ့ဆုံညှိနှိုင်းမှုတွေ ပြုလုပ်နေကြပါတယ်။
ရွှေတြိဂံဧရိယာအတွင်း လာအိုနိုင်ငံဘက်ခြမ်းမှာ တရုတ်လုပ်ငန်းရှင်တွေက မြေဧက ၁၀၀ ကျော်ကို နှစ် ၁၀၀ စီမံကိန်းနဲ့ ငှားရမ်းပြီး China Town အဖြစ် ဟိုတယ်ကာစီနိုဇုန် ပြုလုပ်ထားတာပါ။
ဟိုတယ် ကာစီနိုဇုန်အတွင်း မြန်မာအလုပ်သမား ၁ သိန်းကျော်ရှိပြီး ကာစီနိုဖဲဝေအပြင် ပန်းရံ၊ လက်သမားနဲ့ ကျပန်းလုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်ကလည်း မြန်မာအလုပ်သမားတွေကို လာအိုရဲတွေက တရားမဝင် နေထိုင်တယ်ဆိုပြီး နေအိမ်တွေအတွင်း ဝင်ရောက်ပြီး လူ ၅၀၀ လောက်ဖမ်းဆီးကာ တဦးကို ထိုင်းဘတ် ၂၀၀၀ နှုန်းနဲ့ ဒဏ်ရိုက်ခဲ့ဖူးပါတယ်။
မြန်မာအလုပ်သမားတွေဟာ မြန်မာ-လာအို နှစ်နိုင်ငံ အစိုးရအချင်းချင်း အလုပ်သမား MOU လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့အတွက် တရားမဝင် အလုပ်သမားတွေအဖြစ် သွားရောက် အလုပ်လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။
ကိုဇက်