တိုက်ပွဲကြောင့် မြောက်ဦး မြို့မဈေး ပိတ်၊ ယာဉ်များ ရပ်တန့်ခဲ့ရ
DVB
·
October 19, 2019
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ဒီနေ့မနက်ပိုင်းက တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တာကြောင့် မြောက်ဦးမြို့မစျေး ပိတ်လိုက်ရပြီး ရန်ကုန်-စစ်တွေ ကားလမ်းမမှာလည်း ခရီးသည်တင်ကားတွေနဲ့ ကုန်တင်ကားတွေ ရှေ့ဆက်မသွားနိုင်ဘဲ ရပ်တန့်ခဲ့ရတယ်လို့ သိရပါတယ်။
ဒီကနေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်က မြောက်ဦးမြို့အနီး လက္ကာကျေးရွာနဲ့ ဝေသာလီရွာ ရန်ကုန်-စစ်တွေ ကားလမ်းမမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲပြင်းပြင်ထန်ထန် ဖြစ်ပွားခဲ့တာပါ။
မြောက်ဦး မြို့မစျေးမှာ ကုန်စည်ရောင်းနေတဲ့ ကိုမောင်နုက “စျေးဆိုင်တွေကို ကျနော်တို့အားလုံး ပိတ်လိုက်ပါတယ်။ လက္ကာနဲ့ ဝေသာလီမှာ တိုက်ပွဲဖြစ်နေတယ်။ ပြီးတော့ အဲ့ဒီတိုက်ပွဲ ဖြစ်ပွားနေရာတွေကို တပ်မတော်က မြောက်ဦးမြို့ထဲက နေရာ သုံးနေရာကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။ စျေးက ခဏလေးဖွင့်ခဲ့တယ်။ ၈ နာရီမှာ စျေးဆိုင်တွေအားလုံး ပိတ်လိုက်ကြတယ်။ လူတွေ စိုးရိမ်မှုမြင့်တက်နေကြတယ်။”
ဒီတိုက်ပွဲကြောင့် မြောက်ဦးဆိုင်းဘုတ်အနီး စလို့ ကားတွေ ရပ်တန့်ထားရပြီး စစ်တွေက်က လာတဲ့ ကားတွေ တစီးမှ မတွေ့ရသေးဘူးလို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသာစိန်က ပြောပါတယ်။
“တိုက်ပွဲကြောင့် ကားတွေ ပိတ်သွားတာ မနက်ပိုင်း ၆ နာရီကနေ ၁၀ နာရီကျော်အချိန်အထိ ရပ်နားလိုက်ရတယ်။ ကုန်ကားတွေ၊ ခရီးသည်တင်ကားတွေ အကုန်အားလုံးနီးပါး ရပ်ထားရတယ်။ ခရီးသည်တွေ ထိခိုက်ဒဏ်ရာရတာတော့ မကြားမိသေးဘူး။ စစ်တွေဘက်က လာတာတွေလည်း မရှိဘူး။ ဖြစ်နေတာက ရန်ကုန်-စစ်တွေ ကားလမ်းမပေါ် ဝေသာလီနားမှာ ဖြစ်နေတာ”လို့ပြောပါတယ်။
တိုက်ပွဲဖြစ်လို့ မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာက ထွက်ပြေးလာကြတဲ့ မိသားစုတစုဟာ သလကျေးရွာအနီးချောင်းမှာ စက်လှေ နစ်မြုပ်တာကြောင့် အသက် ၁၃ နှစ်အရွယ်ကျောင်းသူတဦး ရေနစ်သေဆုံးပြီး အသက် ၃ နှစ်အရွယ်ကလေးငယ် တဦးကတော့ ပျောက်ဆုံးနေပါတယ်။
ဝဏ္ဏခွာညို