Live
Home
မြန်မာသတင်း
ကချင်ဒေသ ထိုးစစ်ဆင်မှု ရပ်ဆိုင်းရန် ဘန်ကောက်တွင် ဆန္ဒပြ
နော်နိုရင်း
·
January 11, 2013
ကချင်ပြည်နယ်အတွင်းထိုးစစ်ဆင်မှု ရပ်ဆိုင်းရေးနဲ့ တိုင်းရင်းသား အခွင့်ရေးပေးဖို့ ဒီကနေ့ မနက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့မှာ ကချင်တိုင်းရင်းသား ၁၀၀ ကျော် စုပေါင်းပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ လက်ရှိ အစိုးရတပ်ကနေပြီး ကချင်ပြည်နယ်အတွင်း အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေမှုကို ချက်ချင်းရပ်တန့်ပေးဖို့ တောင်းဆိုတယ်လို့ ဦးဆောင်ဆန္ဒပြသူ တဦးဖြစ်တဲ့ ကိုလနုနန်က ဒီဗွီဘီကို ပြောပါတယ်။ [caption id="attachment_35246" align="alignleft" width="150" caption="ဘန်ကောက် မြန်မာသံရုံးရှေ့တွင် ကချင်ထိုးစစ်ရပ်ဆိုင်းရေး ဆန္ဒပြနေကြစဉ် ((Photo by Patipat Janthong))"][/caption] “ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှု ပိုမိုပြင်းထန်လာတယ်။ အထူးသဖြင့် လေယာဉ်တွေသုံးပြီး ထိုးစစ်ဆင်တဲ့အခါ ကချင်တိုင်းရင်းသားတွေသာမက ကချင်ပြည်နယ်ထဲမှာနေနေတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ တော်တော် ဒုက္ခရောက်နေတယ်။ ဒါကြောင့် ဆန္ဒပြရခြင်းဖြစ်ပါတယ်။” ဒါ့အပြင် သမ္မတဦးသိန်းစိန်ဆီကိုလည်း အိတ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့တယ်လို့လည်း ဆိုပါတယ်။ “ထိုးစစ်ဆင်မှုတွေ ချက်ချင်းရပ်ပြီးတော့ ဖြစ်နိုင်ရင် ကချင်ပြည်နယ်ထဲမှာရှိနေတဲ့ တပ်မတော်သားတွေကို ပြန်ရုပ်သိမ်းရမယ်။ ပြီးရင် နိုင်ငံရေးဆွေးနွေးမှုလုပ်ရမယ်ဆိုတာကို အဓိက လုပ်တယ်။ ဘာလို့လဲဆိုတော့ မြန်မာစစ်တပ် ကချင်ပြည်နယ်ထဲရှိနေသရွေ့ကတော့ ကချင်ပြည်သူလူထုလည်း ကြောက်နေတယ်။ ယုံကြည်မှု တအားနည်းသွားပြီ။ လက်နက်ကိုင်နေတဲ့ ကေအိုင်အို၊ ကေအိုင်အေ မပြောနဲ့ သာမန်အရပ်သားက တအားကြောက်သွားပြီ။ သူတို့နဲ့ စကားမပြောရဲဘူး။ ဒါကြောင့် စစ်တပ်တွေပြန်ရုပ်သိမ်း၊ ကချင်ပြည်နယ်ကို ပြန်အပ်ပြီးမှ ကေအိုင်အိုခေါင်းဆောင်တွေနဲ့ ဆွေးနွေးသင့်တယ် ဆိုတာကို အဓိကထား စာပို့ခဲ့ပါတယ်။” မနေ့ကလည်း ကချင်ပြည် လိုင်ဇာမြို့နဲ့ကပ်လျက်မှာရှိတဲ့ တရုတ်ပြည်ဘက် နားပန်မြို့နားမှာ တရုတ်ပြည်နယ် အသီးသီးကလာတဲ့ (တရုတ်ပြည်ဘွား) ကချင်အမျိုးသားတွေက တရုတ်-မြန်မာ နယ်စပ်မှာ စုဝေးပြီးတော့ ကား အစီး ၁၀၀ ကျော်နဲ့ ရောက်လာပြီး ကချင်တပ်မတော်ကို အားပေးတဲ့အနေနဲ့ စုဝေးခဲ့ကြတယ်လို့ ပါဝင်သူ အမျိုးသမီးတဦးက ပြောပါတယ်။ “အဓိက အားပေးတယ်ဆိုတာထက် အားမလျှော့ပါနဲ့၊ အားမငယ်ပါနဲ့ ကြိုးစားကြပါ ဆိုတာပေါ့။ နယ်စပ်ကူးတဲ့ လ၀ကကူးတဲ့ ဂိတ်နားမှာ။ တရုတ်ပြည်ဘက်ခြမ်းမှာ လူဦးရေ ၆ ထောင်လောက်ရှိမယ်။ ကချင်ပြည်ဘက်ခြမ်းကလည်း ကြိုဆိုတဲ့အနေနဲ့ အဲလောက်ပမာဏရှိတယ်။ ဒီဘက်ကအားပေးတယ်၊ ဟိုဘက်ကလည်း အားပေးတာကို လက်ခံကြိုဆိုတဲ့အနေနဲ့ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်တွေနဲ့ ကြိုတယ်။ ဟိုဘက် ဒီဘက် သီချင်းဆိုကြတယ်။” အစိုးရနဲ့ ကေအိုင်အိုအကြား အပစ်အခတ် ရပ်စဲခဲ့တာ ၁၇ နှစ်ကြာခဲ့ပြီးနောက် ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လကစပြီး တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာကြောင့် သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ တရုတ်-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ တိမ်းရှောင်နေရပါတယ်။ မကြာသေးခင်တုန်းကတော့ အစိုးရဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မူတွေ ရှိနေတယ်လို့ ကေအိုင်အေနဲ့ ဒုက္ခသည်တွေဘက်က ဆိုပါတယ်။ အခုရက်ပိုင်းမှာလည်း  လေယာဉ်တွေနဲ့ ပျံသန်းမှုတွေ ရှိနေဆဲဖြစ်ပြီး လက်နက်ကြီးနဲ့ပစ်ခတ်မူတွေ ပိုများလာနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးက ပြောပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024