မွန်ပြည်သစ်ပါတီနှင့် ကေအန်ယူတို့ ပစ်ခတ်မှုဖြစ်ပွား ၁ ဦးသေဆုံး
DVB
·
October 18, 2019
မွန်ပြည်သစ်ပါတီနဲ့ ကေအန်ယူတို့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဒေသတဝိုက်မှာ အောက်တိုဘာ ၁၇ ရက် မနက် ၄ နာရီခွဲကနေ မနက် ၅ နာရီအထိ နေရာ နှစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးတာဝန်ရှိသူက ပြောပါတယ်။
ထားဝယ်ခရိုင်၊ ရေးချောင်းဖျားအခြေစိုက် မွန်ပြည်သစ်ပါတီကင်းစခန်း မရမ်းချောင်းဝနဲ့ မွန်ပြည်နယ်ဘုရားသုံးဆူဒေသ ဗလဲ့ဒွန်ဖိုက်ရွာ တဝိုက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
မွန်ပြည်သစ်ပါတီဘက်က ဗိုလ်အဆင့်တယောက် ကျဆုံးသွားတယ်လို့ ရေးဒေသဆိုင်ရာ မွန်ပြည်သစ်ပါတီ ဆက်ဆံရေး တာဝန်ရှိသူက ပြောပါတယ်။
မွန်ပြည်သစ်ပါတီဘက်က နယ်မြေအားလုံးရှင်းလင်းပြီး နှစ်ဖက်ပစ်ခတ်မှုတွေ ထပ်မံမဖြစ်ပွားဖို့ ကေအန်ယူဘက်က တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆွေးနွေးသွားမယ်လို့လည်း ပြော ပါတယ်။
မွန်ပြည်သစ်ပါတီနဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့ဟာ ၁၉၈၈ ခုနှစ်က နယ်မြေအငြင်းပွားမှုကြောင့် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် နှစ်ဖက် ပြေလည်မှု ပြန်လည်ရရှိခဲ့ပါတယ်။
၂၀၁၆ ခုနှစ်ကလည်း နယ်မြေအငြင်းပွားမှု ပြဿနာ ထပ်မံဖြစ်ပွားခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားပါတယ်။ မွန်ပြည်သစ်ပါတီနဲ့ ကေအန်ယူအဖွဲ့တို့ဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။
သတင်း - နေမျိုးထွဋ် ရေး