ထားဝယ်မြို့တွင် ဗိုလ်ကြီးဟောင်းတဦးထံမှ ငွေစက္ကူအတုများ ဖမ်းမိ
DVB
·
October 18, 2019
တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ဗိုလ်ကြီးဟောင်းတဦးထံကနေ ၁ သောင်းကျပ်တန် ငွေစက္ကူအတု ၆၈ ရွက် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ထား၀ယ်မြို့၊ အနောက်မြို့တွင်း ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ သဟာယ လက်ဖက်ရည်ဆိုင်မှာ အောက်တိုဘာ ၁၆ ရက်နေ့၊ မွန်းလွဲပိုင်းက ဗိုလ်ကြီးဟောင်းတဦးထံကနေ ငွေစက္ကူအတု ၁ သောင်းကျပ်တန် ၃၆ ရွက်ကို သိမ်းဆည်းခဲ့တယ်လို့ ထား၀ယ်မြို့မရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
Wave Monery ဆိုင်မှာ ငွေတု ၃ သိန်းကို သူ့ဖုန်းနံပါတ်ကို လွှဲခိုင်းစဉ် ငွေတုမှန်း ဆိုင်ကသိသွားတာကြောင့် ဘဏ်က ထုတ်လာကြောင်းပြောပြီး ထွက်သွားတယ်လို့ ဆိုပါတယ်။ ဆိုင်က သတင်းပေးတိုင်ကြားချက်အရ ဗိုလ်ကြီးဟောင်းကို ဖမ်းဆီးပြီး ငွေစက္ကူအတု ၁ သောင်းတန်တွေကို သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။
ထား၀ယ်မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်နိုင်မိုးက “အရင်က သူက တပ်မတော်ကနေပြီးတော့ ပြစ်မှုနဲ့အရေးယူပြီးတော့ ထောင်ကျပြီးတော့ အရပ်သားဖြစ်နေတယ်“ လို့ ပြောပါတယ်။
ဖမ်းဆီးမိတဲ့ ဗိုလ်ကြီးဟောင်းဟာ ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ် ၊ ၁၃ရပ်ကွက်၊ အနော်မာလမ်းမှာ နေထိုင်တဲ့ အသက် ၃၂ နှစ်အရွယ်ရှိ ကောင်းထက်ဇော်ဖြစ်ပြီး ထား၀ယ်မြို့၊ အိုးလုပ်ရပ်ကွက်၊ ရေးလမ်းရှိ လမင်းမြတ်တည်းခိုခန်းမှာ အောက်တိုဘာလ ၁၄ ရက်နေ့က ရောက်ရှိ တည်းခိုနေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ထား၀ယ်မြို့၊ ရှမ္မလည်ဆွဲရပ်ကွက်၊ ဆေးရုံလမ်းရှိ Family ကွန်ပျူတာစာစီဆိုင်မှာ ဖုန်းအတွင်း အသင့်ပြုလုပ်ထားတဲ့ Money PSD နဲ့ ငွေစက္ကူ ၁ သောင်းကျပ်တန်ထုတ်ယူကာ တည်းခိုခန်းမှာ မိမိကိုယ်တိုင်ဖြတ်တောက်ပြုလုပ်ခဲ့တယ်လို့ ရဲစခန်းက သိရပါတယ်။
ကောင်းထက်ဇော် တည်းခိုတဲ့ လမင်းမြတ်တည်းခိုခန်းအမှတ် ၄၀၈ ကို သွားရောက်ရှာဖွေရာမှာ ငွေစက္ကူအတု ၃၂ ရွက်၊ စက္ကူ ၁ ထုပ်နဲ့ ငွေစက္ကူအတုပြုလုပ်ရာမှသုံးတဲ့ ဆက်စပ်ပစ္စည်းတွေကို တွေ့ရှိရတယ်လို့ သိရပါတယ်။
၁ သောင်းတန် ငွေစက္ကူအတု လက်၀ယ်အသုံးပြုသူ ကောင်းထက်ဇောကို ထား၀ယ်မြို့မရဲစခန်းက မြန်မာနိုင်ငံဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
သတင်း- တင့်လွင်
သတင်းဓါတ်ပုံ -တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့