လူကုန်ကူးခံရသူ ၅၃ ဦးကို ထိုင်းနိုင်ငံက မြန်မာဘက်ပြန်ပို့
DVB
·
October 17, 2019
ထိုင်းနိုင်ငံရှိ ကူညီစောင့်ရှောက်ရေးဂေဟာတွေမှာ ကယ်ဆယ်ထားတဲ့ မြန်မာပြည်က လူကုန်ကူးခံရသူ ၅၃ ဦးကို ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့မှာ ဒီနေ့ မနက်ပိုင်းက ပြန်လည်လက်ခံခဲ့ပါတယ်။
ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူထုလုံခြုံရေး ဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ထိုင်းနိုင်ငံဂေဟာအသီးသီးမှာ လက်ခံစောင့်ရှောက်ထားတဲ့ လူကုန်ကူးခံရသူတွေအနက် မြန်မာ နိုင်ငံသားအဖြစ် စိစစ်ထားတဲ့ အမျိုးသား ၄၃ ဦး အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၅၃ ဦးကို ပြန်လည်ထူထောင်ရေးဦးစီးဌာန မြဝတီယာယီလက်ခံစောင့်ရှောက်ရေး ဂေဟာမှာ ပြန်လည်လက်ခံခဲ့တာပါ။
လူကုန်ကူးခံရသူတွေကို မိဘရပ်ထံ ပြန်လည်ပို့ဆောင်ဖို့ ဆက်လုပ်သွားမှာဖြစ်ပြီး နိုင်ငံသားမှတ်ပုံတင် ပျောက်ဆုံးသူနဲ့ အထောက်အထား မရှိသူတွေကိုတော့ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လ၀က တို့ ပူးပေါင်းပြီး ကူညီပေးသွားမယ်လို့ ပြန်လည်ထူထောင်ရေးဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။
မြန်မာနိုင်ငံကို ပြန်ရောက်လာသူ ၅၃ ဦးထဲမှာ အများစုက အမျိုးသားတွေ ဖြစ်ပြီး အသက် ၁၈ နှစ်အောက်လူငယ် ၃ ဦးလည်း ပါရှိပါတယ်။ ၂၀၁၉ ခုနှစ်ထဲမှာ လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံကနေပြန်ပို့တာ ၃ ကြိမ်ရှိသွားပြီ ဖြစ်ပါတယ်။
ဖိုးစီ