တောင်ကြီးမြို့တွင် ရေကြီးရေလျှံပြီး ရောင်းကုန်ပစ္စည်းများရေထဲမျောပါ
နန်းမြနဒီ
·
October 17, 2019
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမှာ ဒီကနေ့မွန်းလွဲပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး မြို့ထဲလမ်းမတွေမှာ ရေကြီးရေလျှံခဲ့ပါတယ်။
ဒီကနေ့မွန်းလွဲ ၁ နာရီကျော်လောက်က မိုးစတင်ရွာသွန်းပြီး မိုးသည်းထန်တဲ့အတွက် တောင်ကြီးမြို့မစျေးကြီးရှေ့၊ ကန်အရှေ့ရပ်ကွက်ရှိ အိုးရှင်းကုန်တိုက်၊ ကုန်သည်လမ်းနဲ့ မြို့အနောက်ဘက် အနိမ့်ပိုင်းရပ်ကွက်တွေထဲမှာ ရေကြီးရေလျှံခဲ့တယ်လို့ တောင်ကြီးဒေသခံ စိုင်းနွမ်ဖာ့လှိုင်းက ပြောပါတယ်။
“မိုးရွာပြီးရေကြီးတဲ့အချိန် ကျနော်တို့က စျေးကြီးရှေ့ကုန်တိုက်မှာပါ။ ကုန်တိုက်အပေါ်ကနေ ကြည့်တော့ အောက်မှာရပ်ထားတဲ့ကားတွေ ဆိုင်ကယ်တွေပါ ရေမြှုပ်နေတယ်။ ကျနော့်အထင် ရေက ၁ ပေခွဲ ၂ ပေလောက်တက်မယ်လို့ထင်တယ်။ အောက်ကစျေးသည်တွေ မေးကြည့်တာ တောင်ကြီးမှာ အရင်ကလည်း ရေကြီးပေမယ့် ဒီတခါ အဆိုးရွားဆုံးဘဲ။ ကုန်စိမ်းသည်တွေ ဟင်းသီးဟင်းရွက်တွေ ရေထဲမျောပါသွားတယ်၊ သိမ်းဖို့အချိန်မရဘူး။ တချို့က စျေးရောင်းရတဲ့ ပိုက်ဆံတွေရော မျောပါသွားတယ်”
ညနေ ၄ နာရီလောက်မှာ မိုးတိတ်သွားပြီး ရေပြန်ကျသွားပေမယ့် တချို့နေရာတွေမှာ ရေတွေဝပ်နေသေးကြောင်း၊ ရေကြီးလို့ မင်းလမ်းမကြီးပေါ်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေလည်း ရှိခဲ့ပါတယ်။
တောင်ပေါ်ဒေသဖြစ်တဲ့ တောင်ကြီးမှာ အခုလို ရေကြီးရတဲ့အကြောင်းကတော့ ရေနုတ်မြောင်းတွေ ကျဉ်းတာ၊ အမှိုက်သရိုက်တွေကို စည်းကမ်းမဲ့စွာ ချောင်းထဲပစ်ချပြီး ပိတ်ဆို့စေတာကြောင့် ဖြစ်တယ်လို့ တောင်ကြီးမြို့ခံတွေက သုံးသပ်ပါတယ်။
ဒီကနေ့ရေကြီးတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ဒီဗွီဘီက ရှမ်းပြည်နယ်သဘာ၀ဘေး အန္တရာယ် စီမံခန့်ခွဲရေးရုံးနဲ့ တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးကို ဆက်သွယ်မေးမြန်းရာမှာ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီက အစီရင်ခံစာရောက်မလာလို့ အသေးစိတ် အချက်အလက်တွေ မသိရသေးဘူးလို့ တာဝန်ကျဝန်ထမ်းတွေက ဖြေပါတယ်။
တောင်ကြီးမြို့ဟာ ASEAN Tourism Forum – ATF က ရွေးချယ်တဲ့ ၂၀၁၉ ခုနှစ် အတွက် အာဆီယံသန့်ရှင်းသောမြို့တော်ဆုကို ရရှိထားတဲ့ မြန်မာနိုင်ငံ မြို့ သုံးမြို့ထဲက တမြို့ဖြစ်ပါတယ်။