မြောက်ဦး ပေါက်တောပြင်ကျေးရွာက နေအိမ်အချို့ဖောက်ထွင်းခံရ
DVB
·
October 17, 2019
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပေါက်တောပြင်ကျေးရွာက နေအိမ်တချို့နဲ့ စျေးဆိုင်ခန်း တချို့ဖောက်ထွင်းဖျက်ဆီးခံပြီး ပစ္စည်းတွေကို စစ်သားတွေက ယူဆောင်သွားကြတယ်လို့ စျေးဆိုင်ရှင်တွေနဲ့ ကျေးရွာဒေသခံတွေက ပြောဆိုပေမယ့် တပ်မတော်ဘက် မဟုတ်မှန်ကြောင်း ငြင်းဆိုပါတယ်။
အောက်တိုဘာ ၁၅ ရက်က ပေါက်တောပြင်ကျေးရွာကို တပ်မတော်စစ်ကြောင်းက ဝင်ရောက်လာပြီး ပစ္စည်းတွေယူဆောင်သွားတာလို့ ပေါက်တောပြင်ကျေးရွာက ဒေါ်သိန်းမြက ပြောပါတယ်။
“စစ်သားတွေရွာကို ဝင်လာတယ်ဆိုပြီး အိမ်ပေါ်မှာပုန်းနေတယ်။ အဲ့ဒီမှာစစ်သားတွေ အိမ်တံခါးကို ဆောင့်ဖွင့်ပြီးဝင်လာတယ်။ အဲ့ဒီမှာပဲ အိမ်ကို ဝင်မွှေတယ်။ အထုပ်တွေ ရှာတယ်။ သေတ္တာဖွင့်တယ်။ သူတို့မှာ မီးအရမ်းလင်းတဲ့ ဆလိုက်မီးတခုပါတယ်။ အဲ့ဒါနဲ့ထိုးပြီး ရှာတာ။ အဲ့ဒါမှာ ကျမပုန်းနေတာမြင်တယ်။ ဘာလို့ပုန်းနေလဲ မေးတယ်။ ကျမကြောက်လို့ ပုန်းနေတာလို့ ပြောတယ်။ အဲ့ဒါနဲ့ ကျမကို သေနတ်နဲ့ တေ့ထားပြီးတော့ ခေါ်လာတယ်။ ကျန်တဲ့စစ်သား နှစ်ယောက်ကတော့ အိမ်မှာပစ္စည်းတွေရှာပြီး ကျန်ခဲ့တယ်။ ကျမအိမ်ကိုပြန် လာအချိန်မှာ ပိုက်ဆံအိတ်မှာ ပိုက်ဆံ မရှိတော့ဘူး။ ပိုက်ဆံ ၇၀၀၀၀ ကျော်ထည့်ထားတာ။”
ပေါက်တောပြင်ရွာက ကိုအောင်ဆန်းမိုးက ”ကျနော့်လမ်းတွေ့တော့ အုပ်အုပ်ချုပ်ရေးမှူး အိမ်လိုက်ဖို့ခေါ်တယ်။ ပြီးတော့ ရွာက မိန်းမတွေရော ကျနော်တို့ရော ထိုင်ခိုင်းထားတယ်။ ပြီးတော့ ကျနော်မြောက်ဦးကိုသွားခိုင်းတယ်။ စျေးဝယ်ဖို့ခိုင်းတယ်။ ရွာကလူတွေကို ဒီမတိုင်ခင်မှာ စစ်သားတွေရွာက ဝင်လာတယ်ဆိုကတည်း အကုန်ထွက်ပြေးသွားကြပြီး၊ ရွာမှာလူအနည်းငယ်သာ ကျန်ခဲ့တာ”လို့ ပြောပါတယ်။
စျေးဆိုင်ခန်းဖောက်ထွင်းခံရတဲ့ ဒေါ်ဦးခိုင်သန်းက “ကျမဆိုင်မှာ ဘာမှ မကျန်လိုက် တော့ဘူး။ အဲ့ဒီမှာ မာမီခေါက်ဆွဲတွေ ဆိုင်မှာ တင်ထားတဲ့ပစ္စည်းတွေ ဘာမှမကျန်လိုက်တော့ဘူး။ အကုန်ပါသွားပြီ၊ ဆိုင်ကိုလည်းဒီအတိုင်းထားခဲ့လိုက်ရတယ်။ အကုန်ထွက်ပြေး လာရတယ်။””လို့ ပြောပါတယ်။
ပေါက်တောပြင်ကျေးရွာက နေအိမ်တွေဆီက ဘာမှယူတာမရှိဘူးလို့ အခုကိစ္စနဲ့ပတ်သက်လို့ အနောက်ပိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီးဝင်းဇော်ဦး ကပြောပါတယ်။
“ရွှေငွေတွေယူသွားအောင်သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်တွေမှာ ဆွဲထားတာလေ။ ရခိုင်လူလည်တွေ ကြီးပဲ၊ ကျနော်တို့တပ်တွေက ရွာတွေထဲမှာလည်း တော်ရုံတန်ရုံမဝင်ဘူး။ အေးတခုရှိတယ်။ အုပ်ချုပ်ရေးမှူးကိစ္စ ဘာညာလုပ်ချင်လို့ ခဏတဖြုတ်ဝင်တာရှိတယ်။ ကျန်တာ ဘာမှ လုပ်တာ မဟုတ်ဘူး။ အဲ့ဒါကတော့ အေအေကနေပြီးတော့ အဲ့အတိုင်းပြော၊ အဲ့အတိုင်းသတင်းလွှင့်ဆို ပြီးတော့ လုပ်တာ နေမှာပေါ။ ဘာမှယူတာ မရှိဘူး”လို့ ပြောပါတယ်။
မြောက်ဦးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ကျနော့်ကို ရွာလူတွေက ဖုန်းဆက်ပြောတာတွေ ရှိတယ်။ ရွာကနေအိမ်တွေ ဖောက်ထွင်းခံရတယ်။ နေအိမ်တွေ ဝင်တယ်လို့ ပြောတယ်။ ပိုက်ဆံတသိန်းယူသွားတယ်လို့ ပြောတယ်။ ကျန်တာတော့ မသိဘူး”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၁၅ ရက်နေ့က ပေါက်တောပြင်ကျေးရွာ တပ်မတော်စစ်ကြောင်းက ဝင်ရောက် လာတာကြောင့် ကျေးရွာအတွင်းမှာ နေထိုင်နေကြတဲ့ နီးစပ်ရာဆွေမျိုးဆွေဆီ ထွက်ပြေး တိမ်းရှောင် ကြသလို စစ်ဘေးရှောင်စခန်းတွေကို ထွက်ပြေးကြတာ လို့ဆိုပါတယ်။
ပေါက်တောပြင်ကျေးရွာနေ ဒေါ်ခိုင်မြင်တင် က “လက်ရှိအချိန် စစ်သားတွေကရှိနေတုန်းပဲ၊ ဆိုင်အားလုံး လေးဆိုင်ဖောက်ထွင်းခံရတယ်။ နေအိမ်တွေလည်း ပါတယ်။ ဒီပေါက်တော်ပြင်မှာ ဆိုင်အားလုံး၂၃ ဆိုင်ရှိတယ်။ လူတွေ အကုန်မရှိကြတော့ဘူးလေ။ အကုန်ထွက်ပြေးကြတယ်။ သူတို့စစ်သားတွေရွာကိုရောက်တာက ၁၂ ရက်နေ့ရောက်တာ၊ ၁၅ ရက်နေ့ ဖောက်ထွင်းခံရတာ”လို့ ပြောပါတယ်။
စစ်ကြောင်း ရွာအတွင်းကို ဝင်လာတော့ ဒေသခံတွေ နီးစပ်ရာ စစ်ဘေးရှောင်စခန်းနဲ့ ဆွေမျိုးတွေဆီကို ထွက်ပြေးသွားတာလို့ ကျေးရွာသားတွေက ပြောဆိုပါတယ်။ ပေါက်တောပြင်ကျေးရွာမှာ အိမ်ခြေ ၄၀၀ ဝန်းကျင်လောက်ရှိပြီ လူဦးရေ ၁၀၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။
သတင်း-ဝဏ္ဏခွာညို