စစ်ပွဲကြောင့် ကချင်ပြည်နယ်နေ့အခမ်းအနား အကျဉ်းချုံးသာ ကျင်းပနိုင်

2K
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှာ နှစ်စဉ်နှစ်တိုင်း စည်စည်ကားကားကျင်းပခဲ့တဲ့ ကချင်ပြည်နယ်နေ့ အခမ်းအနားကို ဒီနှစ်မှာ တိုက်ပွဲတွေကြောင့် အကျဉ်းချုံးပဲ ကျင်းပနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေက မြစ်ကြီးနားမြို့ စီတာပူမနောကွင်းကြီးမှာ အနယ်နယ်အရပ်ရပ်က ကချင်မျိုးနွယ်စုတွေ၊ တိုင်းရင်းသားလူမျိုးတွေအစုံအလင်နဲ့ ပြည်နယ်နေ့အထိမ်းအမှတ် ရိုးရာမနောပွဲကြီးကို ၇ ရက် ၇ ညတိုင် ပျော်ပွဲရွှင်ပွဲ၊ ဈေးရောင်းပွဲတွေ၊ ပြခန်းတွေနဲ့ စည်စည် ကားကားကျင်းပခဲ့ကြတာပါ။
ဒီနှစ်ကျရောက်တဲ့ ၆၅ နှစ်မြောက် ကချင်ပြည်နယ်နေ့မှာတော့ မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ထဲမှာရှိတဲ့ မြို့တော်ခန်းမမှာပဲ အကျဉ်းချုံးကျင်းပခဲ့တယ်လို့ ကချင်မနောပွဲ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလခရီလာအောင်က ပြောပါတယ်။
“တိုက်ပွဲတွေမဖြစ်ခင် ကချင်ပြည်နယ်နေ့ဆိုရင် လူ ၁ သိန်းခွဲ၊ ၂ သိန်းလောက် ရှိတယ်။ အခု တိုက်ပွဲဖြစ်တယ်၊ စစ်ပြေးဒုက္ခသည်တအားများတော့ ကခုန်တာတို့ မလုပ်တော့ဘူး။ လုံခြုံရေးအခြေအနေအရရော၊ စိတ်ဓာတ်အခြေအနေအရရော၊ ပြည်နယ်သူပြည်နယ်သားတွေ တအားဒုက္ခရောက်နေတော့လေ။ လေယာဉ်ပျံတွေကလည်း တအားဝဲနေတော့ လူတွေက ထိတ်ထိတ်လန့်လန့်နဲ့ ပွဲလည်းမရှိဘူး။”
ဒီနေ့မနက် ကျင်းပတဲ့ အခမ်းအနားမှာ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာဝနထမ်းနဲ့ ရပ်မိရပ်ဖပေါင်း ၁၂၀၀ လောက် တက်ရောက်လာကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးရဖို့ လိုအပ်ကြောင်း မိန့်ခွန်း ပြောခဲ့တယ်လို့ ဦးခလရီလာအောင်က ပြောပါတယ်။
ညပိုင်းမှာလည်း ကပွဲခုန်ပွဲ၊ ဖျော်ဖြေပွဲမရှိဘဲ ပြည်နယ်နေ့အထိမ်းအမှတ် ညစာစားပွဲကို အစိုးရရုံးရှေ့ ကွင်းပြင်မှာပဲ ကျင်းပမယ်လို့ ဆိုပါတယ်။
ဒီနှစ် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ကချင်ြပည်နယ်အစိုးရနဲ့ မနောပွဲဖြစ်မြောက်ရေးကော်မတီတို့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ၁၉၄၈ ခုနှစ်က မြန်မာနိုင်ငံ ပထမဆုံးသမ္မတ စ၀်ရွှေသိုက် မြစ်ကြီးနားမြို့ကို ရောက်ရှိလာပြီး ကချင်လူမျိုးတွေ အများဆုံးနေထိုင်ရာဒေသကို ကချင်ပြည်နယ်အဖြစ် သတ်မှတ်ပေးခဲ့တာကို အစွဲပြုပြီးတော့ နှစ်စဉ် ဇန်န၀ါရီ ၁၀ ရက်နေ့ ရောက်တိုင်း ကချင်ပြည်နယ်နေ့ အခမ်းအနားကို ကျင်းပခဲ့တာပါ။