Home
မြန်မာသတင်း
မန္တလေးမြို့တော်စည်ပင် The Rising Star Award ဆုချီးမြှင့်ခံရ
DVB
·
October 17, 2019
အာဆီယံဒေသတွင်းရှိ အစိုးရတွေရဲ့ ပြုပြင်ပြောင်းလဲ ဆန်းသစ်တီထွင်မှုတွေကို အစီရင်ခံရေးသားဖော်ပြနေတဲ့ စင်ကာပူအခြေစိုက်  GovInsider Magazine က ပေးအပ်တဲ့ 2019 Rising Star Award ကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ရရှိသွားပါတယ်။ အဆိုပါဆုကို GovInsider Innovation Award အဖွဲ့နဲ့ United Nation Economic & Social Commission for Asia Pacific (UNESCAP) တို့က အကဲဖြတ်ပြီး ရွေးချယ်‌ပေးအပ်တာ ဖြစ်ပါတယ်။ ပေးပွဲအခမ်းအနားကိုတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဌာနချုပ်မှာ အောက်တိုဘာ ၁၆ ရက်နေ့ ညနေပိုင်းက ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ဒီလို ဆုချီးမြှင့်ခံရတာဟာ မန္တလေးမြို့ရဲ့ လူနေထိုင်မှုဘဝ ပိုမိုတိုးတက်ကောင်းမွန်စေဖို့ ပြုပြင်ပြောင်းလဲမှု‌တွေကို လက်တွေ့ ဖော်ဆောင်နိုင်ခဲ့တဲ့အတွက် ဆုချီးမြှင့်ခံခဲ့ရတာဖြစ်တယ်လို့ မန္တလေးမြို့ မြို့တော်ဝန်ဒေါက်တာရဲလွင်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးပါတယ်။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဟာ မြို့တော် ဖွံ့ဖြိုးတိုးတက်စေဖို့ သမာရိုးကျမဟုတ်တဲ့ လမ်းကြောင်းသစ်တွေ စနစ်သစ်‌တွေနဲ့ လက်တွေ့အကောင် အထည်ဖော်နိုင်ခဲ့ရုံမက စည်ပင်ဝန်ထမ်း‌တွေရော၊ မြို့သူမြို့သားတွေကိုပါ စိတ်ဓာတ်ရှင်သန်နိုးကြားနိုင်စေဖို့ ဆောင်ရွက်နိုင်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။ လက်ရှိ စည်ပင်သာ‌ရေး ကော်မတီလက်ထက်မှာ မန္တလေးမြို့တော်အတွင်း အီလက်ထရောနစ် နည်းပညာနဲ့ မြို့တော်တိုးတက်အောင် ဆောင်ရွက်နိုင်တာတွေ၊ ရေမြောင်းစနစ်တွေ၊ အမှိုက်သိမ်းစနစ်တွေ၊ လမ်းမီးတွေ၊ အရည်အသွေးကောင်းမွန်တဲ့ ကတ္တရာလမ်းတွေ၊ ရေပေးဝေရေးစနစ်တွေ၊ လူထုအပန်းဖြေနားနေစရာတွေ၊ အများသုံး အိမ်သာစနစ်တွေ၊ အခွန်ကိစ္စတွေ၊ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ စတဲ့ အချက်တွေကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ ပြီးခဲ့တဲ့သုံးနှစ်ကျော် သက်တမ်းအတွင်းမှာ ၎င်းတို့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာကပေးအပ်တဲ့ဆု အခုဆုနဲ့ပါဆိုရင်  ၅ ဆု ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်အတွက် Top 10 ASEAN Smart Cities အဖြစ်သတ်မှတ်ခံရပြီး ၂၀၁၉- ၂၀၂၁ခုနှစ်အတွက် ASEAN Public Toilet Award၊ အမေရိကန်အခြေစိုက် ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ ၂၀၁၉ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ၊ ASOCIO Smart City Award 2019 ဆုနဲ့ 2019 The Rising Star Award ကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ မန္တလေးမြို့တော် ဖွံဖြိုးတိုးတက်ရေးအတွက် ကျန်ရှိတဲ့ သက်တမ်းကာလအတွင်း အစွမ်းကုန်ဆက်လက်ကြိုးစားသွားမယ်လို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ ရေးသား ဖော်ပြပါတယ်။ သတင်း- ထိန်ထိန်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024