ကမ္ဘာပေါ်ရှိ လူ ၉ ဦးလျှင် ၁ ဦးနှုန်း ငတ်မွတ်နေ
အောင်ဆန်းဦး
·
October 16, 2019
စားနပ်ရိက္ခာထုတ်လုပ်မှု ပမာဏကျဆင်းရုံသာမက အရည်အသွေးမပြည့်ဝမှုကြောင့် ကမ္ဘာပေါ်ရှိ လူ ၉ ဦးမှာ ၁ ဦးနှုန်း အာဟာရပြည့်ဝမှုမရှိဘဲ ငတ်မွတ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူက ပြောပါတယ်။
စက်တင်ဘာ ၁၆ ရက် နေပြည်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာမှာ ပြုလုပ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာနေ့ အခမ်းအနား အဖွင့်မိန့်ခွန်းပြောစဉ်မှာ အခုလို ထည့်သွင်းပြောဆိုလိုက်တာပါ။
“ကမ္ဘာ့နိုင်ငံအသီးသီးဟာ စားနပ်ရိက္ခာ ဖူလုံရေးနှင့် ငတ်မွတ်မှုကင်းစင်ရေးကို ပြီးခဲ့တဲ့ ၁၀ စုနှစ်များ အတွင်း ကြိုးပမ်းခဲ့ကြပေမယ့် အာဟာရမပြည့်ဝသူ ဦးရေဟာ လက်ရှိမှာ ပြန်လည်မြင့်တက်လာကြောင်း ဦးရေအားဖြင့် သန်း ၈၀၀ ကျော်ရှိကြောင်း ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) က ထုတ်ပြန်ထားပါတယ်။ ယေဘုယျအားဖြင့် လူ ၉ ဦးမှာ ၁ ဦးဟာ အာဟာရပြည့်ဝမှုမရှိဘဲ ငတ်မွတ်မှုရှိနေကြောင်း၊ ဒါဟာ စားနပ်ရိက္ခာတွေကို ထုတ်လုပ်မှု ပမာဏသာမက အရည်အသွေးမပြည့်ဝမှုတွေကြောင့်လည်းဖြစ်ကြောင်း၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှု ပုံစံတွေဟာ ကမ္ဘာမှာ ရောဂါဖြစ်ပွားမှု၊ သေဆုံးမှုတွေရဲ့ အဓိက အရင်းခံ အကြောင်းတရားဖြစ်လာနေကြောင်း၊ ဒါ့ကြောင့် ကျန်းမာရေးနဲ့ ညီညွတ်ပြီး ရေရှည် တည်တံ့တဲ့ စားနပ်ရိက္ခာတွေကို လူတိုင်းရရှိစားသုံးနိုင်ရေးဟာ ချက်ချင်းလုပ်ဆောင်ရမယ့် လိုအပ်ချက်ဖြစ်ကြောင်းဖော်ပြထားပါတယ်"လို့ ဒုသမ္မတက ပြောပါတယ်။
မြို့ပြတွေမှာဆိုရင် အိမ်မှာ ချက်ပြုတ်စားသောက်တာထက် ကျန်းမာရေးအတွက် လုံခြုံစိတ်ချရမှု အာမခံချက်အပြည့်အဝမရရှိနိုင်တဲ့ အသင့်စားအစားအစာတွေကို စူပါမားကတ်တွေ၊ ၂၄ နာရီဆိုင်တွေနဲ့ စားသောက်ဆိုင်တွေမှာ ဝယ်ယူစားသောက်တဲ့ အလေ့အကျင့်တွေ များလာတာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။
အခြားတဖက်မှာလည်း ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှု တွေကြောင့် ကျေးလတ်ဒေသတွေမှာ နေထိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေ လုပ်ကိုင် အသက်မွေးဝမ်းကြောင်းပြုနေသူတွေ အနေနဲ့လည်း လုပ်ငန်းတွေထိခိုက်ပျက်စီးကာ ဝင်ငွေ နည်းပါလာနေတယ်လို့လည်း ဆိုပါတယ်။
ဒီအတွက် ကျေးလက်နေသူတွေအနေနဲ့ လတ်ဆတ်တဲ့ အသားနဲ့ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ကိုယ်တိုင် စားနိုင်ဖို့ အခွင့်အရေးနည်းပါးနေပြီး စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်တွေ ထုတ်လုပ်နိုင်မှုပမာဏမှာလည်း လျော့ကျလာနေတယ်လို့ ဒုသမ္မတက ပြောပါ တယ်။