Homeမြန်မာသတင်း
ရေး-မော်လမြိုင်ကားလမ်း၌ ယာဉ် ၂ စီးတိုက်မိ၊ ဘုရားဖူး ၁၃ ဦးကို ဆေးရုံသို့အရေးပေါ်ပို့ဆောင်
ရေး-မော်လမြိုင်ကားလမ်း၌ ယာဉ် ၂ စီးတိုက်မိ၊ ဘုရားဖူး ၁၃ ဦးကို ဆေးရုံသို့အရေးပေါ်ပို့ဆောင်
DVB
·
October 16, 2019
ရေး- မော်လမြိုင်သွားကားလမ်းမမှာ အောက်တိုဘာ ၁၆ ရက် မနက်က ကား ၂ စီး တိုက်မိရာက ဘုရားဖူးယာဉ်ပေါ်လိုက်ပါလာသူ ၁၃ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိပြီး လူမှုကယ်ဆယ်ရေးအဖွဲ့က အရေးပေါ် လူနာတင်ယာဉ်နဲ့ ရေးမြို့ဆေးရုံသို့ ပို့ဆောင်ထားရပါတယ်။
ရေးမြို့ကနေ ၃ မိုင်လောက်အကွာမှာ ယာဉ်မောင်း ကိုအောင်ထူး မောင်းနှင်ပြီး ဘုရားဖူး ခရီးသည် အမျိုးသား ၈ ဦး အမျိုးသမီး ၅ ဦးလိုက်ပါလာတဲ့ PROBOX ကားနဲ့ တဖက်ယာဉ်ကြော ကနေမောင်းလာတဲ့ ကွမ်းသီးတင် CANTER ကားတို့ တိုက်မိခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
ယာဉ်တိုက်မှုဖြစ်ပွားချင်း ဒဏ်ရာရသူတွေကို အချိန်မီ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနိုင်ခဲ့လို့ ပြင်းထန်တဲ့ ဒဏ်ရာရသူတွေ သေဆုံးတဲ့သူတယောက်မှ မရှိခဲ့ဘူးလို့ ရေးဒေသခံ ရဲအရာရှိတဦးက ပြောပါတယ်။
ကွမ်းသီးတင်ဆောင်လာတဲ့ ကားရဲ့ ယာဉ်မောင်းကတော့ ထွက်ပြေးတိမ်းရှောင်နေတဲ့ အတွက် ဒီနေ့မနက်အမှုဖွင့်ထားပြီး ဖမ်းဆီးရမိဖို့ စုံစမ်းစစ်ဆေးနေတယ်လို့ လည်း ပြောပါတယ်။
၂၀၁၉ ခုနှစ်အတွင်း ရေးမြို့နယ်မှာ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးသူ ဒါဇင်နဲ့ချီ ရှိနေတယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။
သတင်း- နေမျိုးထွဋ် ရေး