ASEAN-Korea Train အစီအစဉ် ဝန်ကြီးဦးဖေမြင့်နှင့် မင်းသားခါရာတို့ တက်ရောက်
DVB
·
October 16, 2019
ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ ASEAN-Korea Train အစီအစဉ်ကို တက်ရောက်ဖို့ သရုပ်ဆောင်မင်းသား ခါရာဟာ ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့် ဦးဆောင်တဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့နဲ့အတူ ဆိုးလ်မြို့ကို ရောက်ရှိနေပါတယ်။
ဒီအစီအစဉ်ဟာ အာဆီယံနိုင်ငံတွေနဲ့ ကိုရီးယားနိုင်ငံကြား ဆွေးနွေးဖက်ဆက်ဆံရေးနှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပတာဖြစ်ပြီး ကိုရီးယား သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အာဆီယံ - ကိုရီးယား ဗဟိုဌာနတို့က ပူးပေါင်း ပြုလုပ်တာ ဖြစ်ပါ တယ်။
မြန်မာနိုင်ငံဘက်မှ ပြည်ထောင်စုဝန်ကြီးနဲ့အတူ အဖွဲ့ဝင်တွေအနေနဲ့ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးမြင့်ကျော်၊ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာ ဒေါ်ချောချောစိန်၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ အလုပ်အမှုဆောင် ဒေါက်တာ စိုးထွန်း၊ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီဝင် ဦးမျိုးသူရကိုကို၊ မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီဝင် သန့်လွင်ဦး (ခ) စူးရှရှင်းသန့် တို့နဲ့အတူ သရုပ်ဆောင်မင်းသား ခါရာက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ကိုယ်စားပြုအနေနဲ့ တက်ရောက်နေတာ ဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ခါရာဟာ Mr. Asia Contest 2014 မှာ သရဖူ ရရှိခဲ့ပြီးနောက်မှာ ပရိသတ်လက်ခံအားပေးမှုနဲ့ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ် ဆောင်လာခဲ့တာပါ။
သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ကားတွေဖြစ်တဲ့ Dimensions(မျက်နှာပြင်များ)၊ Poisoned Savages(အဆိပ်ရှိလူရိုင်း)နဲ့ City Hunters(မြို့ပြမုဆိုးများ)ရုပ်ရှင်ကားတွေဟာလည်း သူ့ကို ခါရာအဖြစ် ပရိသတ်လက်ခံအားပေးခဲ့တဲ့ ရုပ်ရှင်ကားတွေပဲ ဖြစ်ပါတယ်။
ဓာတ်ပုံ- MOI