ကျိုက်ထီးရိုးတောင်ပေါ်က အမှိုက်များကို မြေသြဇာအဖြစ်ပြန်လည်အသုံးချနေ
DVB
·
October 16, 2019
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် တောင်ပေါ်ရှိ အမှိုက်ဖျက်ဆီးစက်ရုံကို ရောက်ရှိ လာတဲ့အမှိုက်တွေဟာ တစ်ရက်ကိုတန်ချိန်အားဖြင့် ၁၀တန်ကျော်ထိ ရှိနေပြီး မြေသြဇာအဖြစ်ပြန်လည်အသုံးချမှုက ၇၀ ရာခိုင်နှုန်းထိရှိနေတယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပါတယ်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် တောင်ပေါ်ရှိ အမှိုက်ဖျက်ဆီးစက်ရုံကို ရောက်ရှိလာတဲ့ အမှိုက်တွေကို မြေသြဇာအဖြစ်ထွက်ရှိတာ၊ ပလစ်စတစ်အဖြစ်ထွက်ရှိတာနဲ့ မီးရှို့ဖျက်ဆီးတာအပါအဝင် အပိုင်း၃ပိုင်း ခွဲခြားထားတယ်လို့ လည်း သိရပါတယ်။
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ရင်ပြင်ပေါ်အမှိုက်ကင်းစင်မှုမှာ အရင်ကနဲ့မတူဘဲ အများကြီးပြောင်းလဲသွားတယ်လို့ ဘုရားဖူးလာသူတွေက ပြောပါတယ်။
အမှိုက်ကင်းစင်သန့်ရှင်းရေးအတွက် အပတ်စဉ်တနင်္လာနေ့မှာ စေတီတော်သန့်ရှင်းရေး ဝန်ထမ်းတွေ၊ အင်္ဂါနေ့မှာ ရိုးရိုးလေးအဖွဲ့တွေ၊ ဗုဒ္ဓဟူးနေ့မှာ ဈေးသူ/ဈေးသားအဖွဲ့တွေ၊ ကြာသပတေးနေ့မှာ ဗဟိုပရဟိတအဖွဲ့တွေနဲ့ သောကြာနေ့မှာ နယ်မြေခံတပ်ရင်း ၉၆ မိသားစုတို့က လာရောက်ကူညီ ဆောင်ရွက်ပေးနေကြပါတယ်။
ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်တစ်ဝိုက်မှာ အမှိုက်ကင်းစင်ပပျောက်ဖို့အတွက် သန့်ရှင်းရေးဝန်ထမ်း တိုးချဲ့ကာဆောင်ရွက်လုပ်ကိုင်နေပြီး အပတ်စဉ်စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ ဘုရားဖူးပြည်သူတွေအများဆုံးလာရောက်ကြတဲ့အတွက် ကျန် ၅ ရက်မှာသာ နေ့စဉ် အမှိုက်ကောက်မှုတွေပြုလုပ်နေတယ်လို့ စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံး တာဝန်ရှိသူ တဦးက ပြောပါတယ်။
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတောင်ပေါ်ကအမှိုက်တွေကို ဖျက်ဆီးဖို့အတွက် စေတီတော် ရင်ပြင်အနီး ဆီမီး ၉၀၀၀ ဓမ္မာရုံအနောက်ဘက်မှာ ငွေကျပ်သိန်း ၄၈၀၀ ကျော် အကုန်ကျခံ တည်ဆောက်ထားတဲ့ အမှိုက်ခွဲခြား သန့်စင်စက်ရုံနဲ့ မုဆိုးတောင်အနီးက အလှူရှင် တဦး လှူဒါန်းထားတဲ့ အမှိုက်မီးရှို့စက်တို့နဲ့ ဖျက်ဆီးပါတယ်။
သတင်း - ယူမင်းစိုး