ရေးမြို့နယ်တွင် တံတားပျက်စီးပြီး ဒေသခံများ သွားလာရေးခက်ခဲနေ
DVB
·
October 16, 2019
မွန်ပြည်နယ်၊ ရေးမြို့ ချောင်းတောင်ကျေးရွာမှာရှိတဲ့ တံတားကို ပြန်လည်တည်ဆောက်မပေး တာကြောင့် ဒေသခံတွေအနေနဲ့ လမ်းပန်းဆက်သွယ်သွားလာရေး အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။
ရေးမြို့နယ်မှာ ပြီးခဲ့တဲ့လအတွင်းက မြစ်ရေကြီးပြီး ရေတိုက်စားခံရလို့ အဲဒီတံတားဟာ ပြိုကျပျက်စီးခဲ့ပြီး လက်ရှိမှာတော့ ဝါးဖောင်နဲ့ ယာယီအသုံးပြုနေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
အဆိုပါတံတားဟာ ပြီးခဲ့တဲ့နှစ်ကလည်း ရေကြီးပြီး ရေတိုက်စားခံခဲ့ရတာကြောင့် ပျက်စီးခဲ့ပြီး အဲဒီအချိန်တုန်းက ယာယီဘေလီတံတားထိုးထားတဲ့အတွက် သွားလာရာမှာ အဆင်ပြေခဲ့ပေမယ့် အခုနှစ် ရေထပ်မံတိုက်စားခဲ့တာကြောင့် ပျက်စီးခဲ့ပြီး သွားလာရေးအတွက် အခက်ခဲတွေဖြစ်ပေါ်နေရတာပါ။
တံတားပျက်စီးမှု အခြေအနေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပေမယ့် ဒီနေ့အချိန်ထိ ထူးခြားမှုမရှိသေးဘူးလို့လည်း ချောင်းတောင် ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ချောင်းတောင်ကျေးရွာ တူးမြောင်းတံတားကို ၂၀၁၄ - ၂၀၁၅ ခုနှစ်က ကျေးလက်ရန်ပုံငွေ ကျပ်သိန်းပေါင်း ၁၂၀၀ ကျော်ခန့်အကုန်ကျခံတည်ဆောက်ထားတာဖြစ်ပြီး ပေအရှည် ၁၃၀ အကျယ် ၁၂ ပေ ရှိတဲ့ တံတားလည်းဖြစ်ပါတယ်။