စွန့်ပစ်အမှိုက်က ပြန်လည်ဖန်တီးထားသည့် လူသုံးကုန်ပစ္စည်းများ ရောင်းအားမကောင်းသေး
DVB
·
October 15, 2019
စွန့်ပစ်အမှိုက်တွေကနေပြန်လည်ဖန်တီးထားတဲ့ တန်ဖိုးမြင့်လူသုံးကုန်ပစ္စည်းတွေဟာ မြန်မာပြည်ဈေးကွက်အတွင်းမှာ ရောင်းအားကောင်းတဲ့ အနေအထားမှာမရှိသေးဘူးလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
မြန်မာနို်ငငံမှာ လက်မှုလုပ်ငန်းဝါသနာပါသူတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးကို အလေးထားသူတွေနဲ့ အဖွဲ့အစည်းတွေက ၂၀၁၄ခုနှစ်လောက်စလို့ စွန့်ပစ်အမှိုက်တွေကို ပြန်လည်သန့်စင်ပြီး လူသုံးကုန်ပစ္စည်းတွေအဖြစ် ဖန်တီးပြီး ဈေးကွက်တင်ရောင်းဖို့ ကြိုးပမ်းလာ ခဲ့ကြတာပါ။
ဒါပေမယ့် စွန့်ပစ်ပစ္စည်းကနေ ပြန်လုပ်တဲ့ လက်မှုပစ္စည်းတွေကို ပြည်တွင်းကလူတွေထက် နိုင်ငံခြားသားတွေကသာပိုပြီး စိတ်ဝင်စားမှုများနေတယ်လို့ လုပ်ငန်းရှင် ဒေါ်ဝင်နီက ပြောပါတယ်။
“အဲ့ဒီပစ္စည်းတွေဟာ လက်ရှိအချိန်အထိတော့ ဈေးကွက်အတွင်းမှာ ရောင်းအားကောင်းပစ္စည်းတွေအဖြစ် နေရာရလာဖို့ ခက်ခဲနေဆဲပဲဖြစ်ပါတယ်။ စွန့်ပစ်အမှိုက်ကနေ ပြန်လည်ဖန်တီးထားတဲ့ လူသုံးကုန်ပစ္စည်းတွေအပေါ် လူတွေရဲ့ အမြင် သဘောထား ကွဲပြားမှုတွေကြောင့်လဲ ပြည်တွင်းကလူတွေထက် နိုင်ငံခြားသား တွေကသာပိုပြီး စိတ်ဝင်စားမှုများနေတယ်”လို့ ဆိုပါတယ်။
စွန့်ပစ်အမှိုက်တွေကို လူသုံးကုန်အဖြစ် ပြန်လည်ဖန်တီးပြီး ရောင်းချနေသူတွေအတွက်က SME လုပ်ငန်းတခုအဖြစ် ချေးငွေလျှောက်တဲ့ အပိုင်းတွေမှာလဲ ကန့်သတ်ချက်တွေများနေတာကြောင့် အကူအညီရဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။
လက်မှုပစ္စည်းသင်တန်းပို့ချပေးသူ မဆွန်ဟွဲ ကတော့ “စီးပွားဖြစ်လုပ်ငန်းတခုအနေနဲ့ ရပ်တည်ဖို့ ခက်ခဲတာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းပါးအောင် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်မှုပညာရှင်တွေပူးပေါင်းပြီး စိတ်ဝင်စား သူတွေကို ကိုယ့်အိမ်တွင်းက အမှိုက်ကို ကိုယ်တိုင်ပြန်ပြီး လူသုံးကုန်ပစ္စည်းတွေအဖြစ် အသုံးပြု နိုင်စေဖို့ ပညာပေးသင်တန်းတွေလည်း ပို့ချလာကြပါတယ်။ စွန့်ပစ်စ္စည်းတွေက လူသုံးကုန် ပစ္စည်းတွေ ပြန်လည်ဖန်တီးတာဟာ ခက်ခဲတဲ့ပညာမဟုတ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့နဲ့ သန့်ရှင်းစေဖို့အတွက် လူတိုင်းတတ်သင့်တယ်”လို ဆိုပါတယ်။
လက်ရှိမှာတော့ စွန့်ပစ်အမှိုက်တွေဖြစ်တဲ့ ကြွပ်ကြွပ်အိတ်၊ ကားတာရာ၊ ပလက်စတစ်ဗူးခွံ၊ ဆာလာအိတ်၊ ကော်ဖီမစ်အိတ်အမျိုးမျိုး၊ စက္ကူတွေကိုအသုံးပြုပြီးတော့ လူသုံးကုန်ပစ္စည်းတွေ ဖန်တီးကြတာဖြစ်ပါတယ်။
အလှဆင်ဖန်တီးကြတဲ့ပစ္စည်းတွေအနေနဲ့ကတော့ ခြင်းတောင်း၊ လွယ်အိတ်၊ ပိုက်ဆံအိတ်စတဲ့ အိတ်အမျိုးမျိုး၊ ဖန်စီအသုံးအဆောင်ပစ္စည်းတွေနဲ့ အိမ်တွေမှာဆိုရင် အိမ်နံရံတွေ၊ အိမ်အမိုးအကာတွေအထိပါ အစားထိုး ဖန်တီး အသုံးပြုနိုင်တာဖြစ်ပါတယ်။
သတင်း- သင်းသင်းဇော်