Home
မြန်မာသတင်း
ကချင်ပြည်နယ် ရှမ်းနီရွာများတွင် ပြည်သူ့စစ်သင်တန်းများ ဖွင့်လှစ်
DVB
·
January 10, 2013
ကချင်ပြည်နယ်အတွင်း ဧရာဝတီ မြစ်ရိုးတလျှောက် မြစ်ကြီးနားကနေ ရွှေဘိုအထိ  ရှမ်းနီ (တိုင်းလိုင်) လူမျိုးတွေ နေထိုင်တဲ့ရွာတွေမှာ အစိုးရစစ်တပ်က ရွာသားတွေကို ပြည်သူ့စစ်သင်တန်းတွေ ပေးနေပါတယ်။ ကေအိုင်အေနဲ့ အစိုးရတပ်တွေအကြား အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ပြီး တိုက်ပွဲဖြစ် နေချိန်မှာ အစိုးရစစ်တပ်တွေက နယ်မြေခံရွာသားတွေကို ပြည်သူ့စစ်သင်တန်းတွေ ပေးနေတာပါ။ ကချင်ပြည်နယ်အတွင်းမှာ နေထိုင်တဲ့ ရှမ်းနီလူမျိုးတွေရဲ့ ရွာတွေဖြစ်တဲ့ တာလော့ကြီး၊ ခေါင်ဖူး၊ စံကင်းနဲ့ ရွာသစ်ရွာတွေမှာ ပေးနေတာဖြစ်ပြီး ရွာတွေကို ကာကွယ်ဖို့လို့ မြစ်ကြီးနားမြို့နယ် တာလော့ကြီးကျေးရွာ ပြည်သူ့စစ် နာယက ဦးစန်းဝေက ပြောပါတယ်။ “ကေအိုင်အေရဲ့ အနိုင်ကျင့်မှုတွေ ၆၂ ခုနှစ်ကတည်းက ခံခဲ့ရတာ။ ဆက်ကြေးတွေပေးခဲ့ရတယ်။ ၆၂ ခုနှစ်တွေမှာ ရွှေတွေဘာတွေ လူခန္ဓာကိုယ်က ဆွဲကြိုး၊ လက်ကောက်၊ လက်စွပ် အကုန်ချွတ်ပုံပေးလိုက်ရတာ။ ၇၂ ခုနှစ် ရွာတွေ အိမ်ခြေ ၆၄ အိမ် မီးလာရှို့သွားတယ်။ အဲနောက်ပိုင်း ဆက်ကြေးပေးနေခဲ့ရတယ်။ အပစ်အခတ် ပျက်ပြားပြီးနောက် ကေအိုင်အေက တစခန်းပြန်ထလာတာ။ လယ်ယာလုပ်ငန်းခွင်မှာပါ လူဖမ်းလာတာ။ ဘယ်လိုမှ မရပ်တည်နိုင်တော့ မြစ်ကြီးနားဘက်ပြေးကြတယ်။ ဒါနဲ့ နောက်ပြေးရုံနဲ့ မဖြစ်ဘူး။ ကိုယ့်ရွာကိုယ်စောင့်ရှောက်ဖို့နဲ့ နောက်ဒုက္ခသည်စခန်းမှာ သွားနေဖို့ဆိုတာ ရေရှည်မှာ မဖြစ်နိုင်ဘူး။ ကိုယ့်ရွာအတွက်ကို ကိုယ်ကိုယ်တိုင် ဆောင်ရွက်မှဖြစ်မယ်ဆိုပြီး လူငယ်တွေက သူတို့အသိစိတ်ဓာတ်နဲ့ စုဆောင်းလုပ်တာ။” ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ) ရဲ့ စစ်သားစုဆောင်းတာ၊ ဆက်ကြေး တောင်းတာနဲ့ အမျိုးသမီးတွေကို မတော်မတရား လုပ်တာတွေကို ကာကွယ်ဖို့အတွက်ဖြစ်တယ်လို့ ဦးစန်းဝေက ပြောပါတယ်။ သင်တန်းကို ခလရ ၃၇ က ပေးနေတာဖြစ်ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က လက်နက်ငယ် ၅၀ ကျော်နဲ့ ကျည်တွေလည်း တပ်ဆင်ပေးထားတယ်လို့ ဆိုပါတယ်။ တာလော့ကြီးကျေးရွာဟာ ကေအိုင်အေတွေရဲ့ စစ်သားစုဆောင်းတာနဲ့ ဆက်ကြေး တောင်းတာကို ခံစားရသလို ဒီအကြောင်း ထုတ်ဖော်တဲ့သူတွေကိုလည်း ခြိမ်းခြောက်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ တာလော့ကြီးကျေးရွာ သံဃာတော်တပါးက    “လူငယ်တွေတင်မဟုတ်ဘူး။ ကေအိုင်အေနဲ့ ပတ်သက်လို့ တရွာလုံးနာကြည်းတယ်။ ဦးဇင်းတို့ကိုယ်တိုင်လည်း သဘောမကျဘူး။ ဒီရွာကိုခုတုံးလုပ်ပြီး ဒီဘက်ကနေ ခေါင်ဖူးကနေ လာတဲ့ တပ်တွေကို လှမ်းပစ်တာတို့။ ကေအိုင်အေ တယောက်ကျသွားတုန်းကလေ။ ရွာထဲမှာဆိုလည်း သူ့မယုံရ ကိုယ့်မယုံရအပိုင်းတွေ အများကြီး ရှိတယ်လေ။ အခုလည်း တာလော့ကြီးကို ခြိမ်းခြောက်တာတွေ ရှိတယ်။  ခလရ ၃၇ တပ် ထိုင်ထားတာ တာလော့ကြီးကို အခဲမကျေဘူးပေါ့၊ ဒါမျိုး ကြားခဲ့ရတာ။” ကေအိုင်အိုအပေါ် စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ကေအိုင်အို တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရပါဘူး။ တာလော့ကြီးကျေးရွာမှာ ပြည်သူ့စစ်သင်တန်း အမှတ်စဉ် ၁ မှာ ရွာသား ၂၅၀ တက်ရောက်ခဲ့သလို အခု သင်တန်း အမှတ်စဉ် ၂ မှာတော့ ရွာသား ၃၅၀ ကျော် တက်ရောက် နေတယ်လို့ ဆိုပါတယ်။ အမှတ်စဉ် ၁ တက်ရောက်ခဲ့သူတွေက ရွာရဲ့ လုံခြုံရေး တာဝန်ကို စတင်ထမ်းဆောင်နေပြီလို့ ဆိုပါတယ်။ ၁၉၉၄ ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူထားတဲ့ ကေအိုင်အိုအဖွဲ့ဟာ  ၂၀၁၁ ခုနှစ်မှာ အစိုးရဘက်က နယ်ခြားစောင့်တပ်ပြောင်းဖို့၊ လက်နက်ချဖို့ တောင်းဆိုချက်တွေကြောင့် အပစ်အခတ်ရပ်စဲရေးပျက်ပြီး တိုက်ပွဲတွေကြောင့် စစ်ရှောင်ဒုက္ခသည် ၁ သိန်းလောက် ရှောင်တိမ်းနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024