ဂျပန်တွင် မုန်တိုင်းကြောင့် သေဆုံးသူ ၄၀ ရှိပြီ၊ ၁၆ ဦး ပျောက်ဆုံး
ဂျပန်တိုင်ဖွန်း ဟာဂီဘိစ်ကြောင့် အောက်တိုဘာလ ၁၄ ရက်နေ့မှာ သေဆုံးသူ အယောက် ၄၀၊ ၁၆ ယောက် ပျောက်ဆုံးနေပြီး ဒဏ်ရာရသူ ၁၈၉ ယောက် ရှိတယ်လို့ နိုင်ငံပိုင် NHK သတင်းက ဆိုပါတယ်။
နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံး မုန်တိုင်းဝင်ပြီးနောက် အောက်တိုဘာ ၁၄ ရက်နေ့က ကယ်ဆယ်ရေးသမားတွေဟာ ခါးလောက်နက်တဲ့ ရေထဲမှာ ပျောက်ဆုံးသူတွေကို ဆက်ရှာနေပါတယ်၊။
နာဂါနို စီရင်စုမှာလည်း စစ်ဘက် ရဟတ်ယာဉ်နဲ့ ပိတ်မိနေသူတွေကို ကယ်ဆယ်ခဲ့ပါတယ်။ ရေကြီးဒေသတွေမှာ သောင်းချီတဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတွေနဲ့ ရဟတ်ယာဉ် အများအပြားနဲ့ ကယ်ဆယ်ရေး လုပ်နေကြတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
တိုင်ဖွန်း ဟာဂီဘိစ်ကြောင့် ချီဘာစီရင်စု အီချီဟာရာမြို့က နေအိမ်အများအပြား ပျက်စီးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။