ဖမ်းဆီးထားသူများ မီးသတ်တပ်ဖွဲ့ဝင် ဟုတ်၊ မဟုတ် စစ်ဆေးနေဆဲဟု အေအေပြော

1.2K
ရခိုင်ပြည်နယ် မြောက်ဦးမြို့အနီး ခရီးသည်တင်ယာဉ်ပေါ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့သူတွေကို မီးသတ်တပ်ဖွဲ့ ဝင် ဟုတ်၊ မဟုတ် စစ်ဆေးနေဆဲပဲလို့ ရက္ခိုင့်တပ်မတော် (အေအေ) ပြောခွင့်ရ ခိုင်သုခက ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက် မနက် ၁၀ နာရီလောက်က ရခိုင်ပြည်နယ် မြောက်ဦးမြို့ ကန်ကြီးကုန်း မိုင်တိုင် ၁၂၇ အနီးမှာ ရွှေပြည်သစ်ခရီးသည်တင် ယာဉ်တစီးပေါ်ကနေ မီးသတ်တပ်ဖွဲ့ဝင်တွေ အပါအဝင် ၃၁ ဦးကို အေအေအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတာပါ။
အခုလို ဖမ်းဆီးသွားတဲ့လူတွေနဲ့ ပတ်သက်ပြီး အေအေပြောခွင့်ရ ခိုင်သုခက “သူတို့ဟာ တကယ် မီးသတ်စစ်စစ်တွေလား၊ ဗမာစစ်သားတွေက မီးသတ်ယူနီဖောင်းဝတ်ပြီး သွားနေတာလား ဆိုတာ ကျနော်တို့ စစ်ဆေးတုန်းပဲ ရှိသေးတယ်။ စစ်ဆေးနေတုန်းကာလဆိုတော့ ဘာဆက်လုပ်မလဲဆိုတာ ကြိုပြောလို့တော့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းကလည်း ဗမာစစ်သားတွေက ရှေ့တန်းမြေပြင်တွေမှာ သူတို့ ရဲယူနီဖောင်းတွေ ဝတ်ပြီးတော့ ရွာတွေဝင်ပြီး လှုပ်ရှားတာမျိုးတွေ ရှိတယ်။ တချို့နေရာတွေမှာ လ.ဝ.က ယူနီဖောင်းတောင် သူတို့ ဝတ်လိုက်သေးတယ်။ အခုနောက်ပိုင်းမှာ မီးသတ်ယူနီဖောင်းတွေ ဝတ်ပြီးတော့ မီးသတ်တွေပါ ဆိုပြီး သူတို့ သွားလာနေတာတွေ ကျနော်တို့မှာ သတင်းတွေ ရှိတယ်။ အဲဒါကြောင့်မို့ ကျနော်တို့ လိုအပ်တဲ့ လုံခြုံရေးအရ စစ်ဆေးမှုတွေကို ဆက်လုပ်နေတုန်းပဲ ရှိသေးတယ်” လို့ ပြောပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ အေအေတပ်ဖွဲ့ဝင်တွေက ဒုမီးသတ်ဦးစီးမှူး ၁ ယောက်၊ အခြေခံမီးသတ်သင်တန်းက ဆင်းလာတဲ့ သင်တန်းသား ၁၈ ယောက်နဲ့ အရပ်သား ၁၂ ယောက်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒီဗွီဘီကို ပြောထားပါတယ်။
ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေဟာ ပြင်ဦးလွင်မြို့နယ် ဇီးကုန်းသင်တန်းကျောင်းမှာ မွမ်းမံသင်တန်းတက်ပြီး ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို ပြန်လာကြတာဖြစ်ပြီး အခုလို ဖမ်းဆီးခေါ်ဆောင်ခံရတဲ့အတွက် မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး ဒေသခံကျေးရွာသားတွေကိုလည်း နှစ်ဖက်တပ်တွေက မသင်္ကာမှုနဲ့ ဖမ်းဆီးစစ်ဆေးနေတာတွေ ပြုလုပ်နေကြတာပါ။
ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာကနေ ၂၀၁၉ စက်တင်ဘာ ၁၇ ရက်နေ့အထိ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေကြောင့် အရပ်သား သေဆုံးသူ ၈၀ ကျော်ရှိပြီး ဒဏ်ရာရရှိသူ ၁၀၀ လောက်ရှိနေပြီလို့ သိရပါတယ်။
တိုက်ပွဲတွေကြောင့် စစ်ရှောင်ဒုက္ခသည် ၇ သောင်းလောက် ထွက်ပြေး တိမ်းရှောင်နေရပါတယ်။