တရုတ်နိုင်ငံကို ဖြိုခွဲမည့် ကြိုးပမ်းမှုမှန်သမျှ ချေမှုန်းခံရမည်ဟု သမ္မတရှိ သတိပေး

1.6K
တရုတ်နိုင်ငံ ဖြိုခွဲမယ့် ကြိုးပမ်းမှု မှန်သမျှဟာ အမှုန့်ကြိတ် ချေမှုန်းခံရလိမ့်မယ်လို့ သမ္မတ ရှီကျင့်ဖျင်က အောက်တိုဘာ ၁၃ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။
နီပေါခရီးစဉ်အတွင်း သမ္မတရှီက အစိုးရဆန့်ကျင်ရေးသမားတွေကို ပြင်းပြင်းထန်ထန် သတိပေးလိုက်တာလို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။
သမ္မတရှီရဲ့ မှတ်ချက်စကားက ဘယ်ဒေသကို ရည်ညွှန်းတယ်လို့ မပြောဆိုပေမယ့် တရုတ်အစိုးရ ဆန့်ကျင်ရေး လချီ ဖြစ်ပွားနေတဲ့ ဟောင်ကောင်ကို သတိပေးလိုက်တာလို့ အများက ရှုမြင်ကြပါတယ်။
အောက်တိုဘာ ၁၃ ရက်နေ့က ဟောင်ကောင်မှာ ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကနေ အကြမ်းဖက်မှု ဖြစ်သွားခဲ့ပါတယ်။ အများပြည်သူ ပို့ဆောင်ရေး ဘူတာရုံတွေနဲ့ တရုတ်အစိုးရလိုလားပုံရတဲ့ ဈေးဆိုင်တွေလည်း ဖျက်ဆီးခံရပါတယ်။
တရုတ်ပြည်ကနေ ခွဲထွက်ဖို့ ကြိုးပမ်းသူ မှန်သမျှဟာ အမှုန့်ကြိတ် ချေမှုန်းခံရလိမ့်မယ် ဆိုပြီး သမ္မတ ရှီက သတိပေးခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
တရုတ်ပြည် ပြိုကွဲအောင် အားပေးကူညီတဲ့ ပြင်ပအင်အားစုမှန်သမျှဟာ တရုတ်ပြည်သူတွေရဲ့ အထင်မှားခြင်းကိုသာ ကြုံတွေ့ရလိမ့်မယ်လို့ သမ္မတ ရှီက ပြောပါတယ်။