သီလ၀ါအထူးစီးပွားရေးဇုန်ကို ပွင့်လင်းမြင်သာမှုရှိရှိ အကောင်အထည်ဖော်မည်
DVB
·
January 9, 2013
သီလ၀ါအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရာမှာ ပွင့်လင်းမြင်သာမှုရှိပြီး အားလုံးပါဝင်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒု-၀န်ကြီး ဦးဆက်အောင်က ပြောပါတယ်။
သန်လျင်မြို့နယ်နဲ့ ကျောက်တန်းမြို့နယ်တွေမှာ တည်ဆောက်မယ့် သီလ၀ါ အထူးစီးပွားရေးဇုန်နဲ့ ပတ်သက်ပြီး ဒီနေ့ ပြုလုပ်တဲ့ ရှင်းလင်းပွဲမှာ သီလ၀ါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးဆက်အောင် ပြောကြားခဲ့တာပါ။
[caption id="attachment_35192" align="alignleft" width="150" caption="သီလ၀ါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်"][/caption]
အစိုးရဘက်က အခုလို ပွင့်လင်းမြင်သာမှုဟာ မြစ်ဆုံစီမံကိန်းအပါအ၀င် လက်ပံတောင်းတောင် စီမံကိန်းကြီးတွေမှာ ဒေသခံတွေသိပိုင်ခွင့်မရှိ၊ ပွင့်လင်းမြင်သာမှုမရှိလို့ ပြဿနာတွေ တက်ခဲ့ပြီးနောက် အစိုးရဘက်ကနေ စီမံကိန်း အကောင်အထည်မဖော်ခင် အခုလို ကြိုတင် ရှင်းပြလာတာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်တဲ့ သီလ၀ါအထူးစီးပွားရေးဇုန်ဟာ ဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုတွေဖြစ်ပြီး ဇုန်ပြင်ပ အခြေခံအဆောက်အဦတွေဖြစ်တဲ့ လျှပ်စစ်၊ ဆိပ်ကမ်း၊ လမ်းနဲ့ တံတားတွေကို မြန်မာနိုင်ငံအစိုးရက ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ ဒီအထူးစီးပွားရေးဇုန် ဖော်ဆောင်ရေးကို ဒီနှစ်မှာ စတင် အကောင်အထည်ဖော်မှာဖြစ်ပြီး ၂၀၁၅ မှာ အပြီးသတ်မှာ ဖြစ်ပါတယ်။
သီလ၀ါအထူးစီးပွားရေးဇုန် တိုးတက်ဖွံ့ဖြိုးရေးအတွက် မြန်မာနဲ့ ဂျပန် ဖက်စပ် လုပ်ကိုင်ရာမှာ အကျိုးအမြတ်တွေကို မြန်မာနိုင်ငံက ၅၁ ရာခိုင်နှုန်းနဲ့ ဂျပန်နိုင်ငံက ၄၉ ရာခိုင်နှုန်း ရရှိကြမှာ ဖြစ်ပါတယ်။
အများပြည်သူရင်းနှီးမြှုပ်နှံနိုင်ဖို့ အများပိုင်ကုမ္ပဏီတည်ထောင်ပြီး ရှယ်ယာတွေရောင်းချ သွားမှာဖြစ်သလို ဂျပန်ဘက်က ကုမ္ပဏီကြီး ၃ ခု နဲ့ ဂျပန်အစိုးရလည်း ပါဝင်မယ်လို့ ဒုဝန်ကြီးက ဆိုပါတယ်။
သီလ၀ါအထူးစီးပွားရေးဇုန် တည်ဆောက်ရေးမှာ ဇုန်ပြင်ပရဲ့ အခြေခံအဆောက်အဦ လိုအပ်ချက်ကို မြန်မာအစိုးရက အခြားရင်းနှီးမြှုပ်နှံမှုတွေ ခေါ်ခွင့်ရှိပြီး အခြားနိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုမရှိရင် ဂျပန်နိုင်ငံက ၀ ဒဿမ ၀၁ ရာခိုင်နှုန်း အတိုးနှုန်းနဲ့ အနှစ် ၄၀ ချေးပေးမှာ ဖြစ်ပါတယ်။
ပြည်တွင်းက ကုမ္ပဏီတွေ ပေါင်းစည်းထားတဲ့ စီးပွားရေးဆိုင်ရာအဖွဲ့နဲ့ ဂျပန်နိုင်ငံက ကုမ္ပဏီတွေ စုပေါင်းထားတဲ့အဖွဲ့တို့ သီလ၀ါ အထူးစီးပွားရေးဇုန်စီမံကိန်းမှာ ပူးပေါင်း လုပ်ဆောင်နိုင်ဖို့အတွက် ၂၀၁၂ ဒီဇင်ဘာလတုန်းက ဂျပန်-မြန်မာနှစ်နိုင်ငံ နားလည်မှုစာချွန်လွှာမှာ လက်မှတ်ထိုးခဲ့ကြပါတယ်။ စီးပွားရေးဇုန် အကျယ်အ၀န်း ဧရိယာ ၂၄၀၀ ဟတ်တာရှိပြီး ပထမအဆင့်မှာ မြေဧက ဟတ်တာ ၄၅၀ ကို စပြီး လုပ်ဆောင်မှာ ဖြစ်ပါတယ်။
သီလ၀ါ အထူးစီးပွားရေးဇုန်စီမံကိန်းဟာ တနင်္သာရီတိုင်းက ထားဝယ်အထူးစီးပွားရေး ဇုန်စီမံကိန်းပြီးနောက် ဒုတိယမြောက်အကောင်အထည်ဖော်မယ့် စီမံကိန်း ဖြစ်ပါတယ်။ မြန်မာစစ် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်မှာ အထူးစီးပွားရေးဇုန်ဥပဒေ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။