ချမ်းချမ်း သီဆိုသည့် ‘ချိုးရုပ်’ ရုပ်ရှင်ဇာတ်ဝင်တေး ကြည့်ရှုသူ ၄ သိန်းကျော်ရှိနေ(ရုပ်သံ)
DVB
·
October 14, 2019
“အို… အိုအေးအို… အိုအေး… အေး… အို… အို… အိုအေးအို… အိုအေး… အေး… အို… ဖိုးရှုပ်ကလေးရယ်… အိပ်ရာဝင်… အမေ ပုခက်လွှဲပေးမယ်… နေလုံးကြီးလည်း ကွယ်သွားတာ… ကြာလှပေါ့ကွယ်”
ဒါကတော့ လတ်တလော အသစ်ထွက်ရှိထားတဲ့ ‘ချိုးရုပ်’ ရုပ်ရှင်ကားရဲ့ ဇာတ်ဝင်တေးတပုဒ်ဖြစ်ပြီး အင်တာနက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေခဲ့ပါတယ်။
သားချော့တေးတပုဒ်အသွင် ဖန်တီးရေးဖွဲ့ထားတဲ့ ဒီသီချင်းကိုတော့ တေးရေး ညီမင်းခိုင်က ရေးစပ်ထားတာဖြစ်ပြီး နာမည်ကြီးအဆိုတော် ချမ်းချမ်းက သီဆိုပေးထားခဲ့တာ ဖြစ်ပါတယ်။
“ဖိုးရှုပ်ကလေးရယ်… အိပ်ပါကွယ်… ကြောင်ကြီးကိုက်လိမ့်မယ်… မျက်လုံးလေး တွေမှိတ်ကွယ်… လိမ္မာတယ်… သားလေးရယ်… ကြယ်စင်တွေကို သူချစ်တယ်… အပြစ် ကင်းတဲ့ ကလေးလေးရယ်… လူ့လောကအလယ်… အဆင်ပြေစေ”
‘ချိုးရုပ်’ ရုပ်ရှင်ကားကိုတော့ အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာ ဖြစ်ပြီး ဆဲဗင်းဒေးရဲ့ ဇာတ်ညွှန်းကို ဟာသ သရုပ်ဆောင် ခင်လှိုင်က ဒါရိုက်တာအနေနဲ့ ရိုက်ကူးပုံဖော်ပေးထားတာပါ။
ကျေးလက်ဒေသကို အခြေခံပြီး ၅၂၈ ချစ်ခြင်းမေတ္တာဘွဲ့ ဇာတ်လမ်းတပုဒ်အနေနဲ့ ရိုက်ကူးပုံ ဖော်ထားတဲ့ ဒီကားထဲမှာတော့ မြင့်မြတ်၊ အိချောပိုတို့နဲ့အတူ တိုင်ရွန်၊ ခင်လှိုင်၊ ညီနန္ဒ၊ ကြက်ဖ၊ တက္ကသိုလ်ဂွမ်းပုံ၊ ရွှေပိုးအိမ် စတဲ့ သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြပါတယ်။
“ကြယ်ရောင်စုံတွေ တိမ်ဖုံးရင်… ငိုတတ်တဲ့ ဒီကလေးငယ်… ကမ္ဘာကြီးထဲမှာ… သာယာစေ… ကြယ်ကလေးများလို အမှောင်တွေထဲ လင်းစေ… ဖြူစင်တဲ့ ဖိုးရှုပ်ကလေး ရေ”
လတ်တလောမှာတော့ ချမ်းချမ်းသီဆိုထားတဲ့ ဒီဇာတ်ဝင်တေးရုပ်သံဗွီဒီယိုဖိုင်ဟာ ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သိန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။