သြစတြေးလျတွင် ကမ္ဘာ့အကြီးဆုံး ဆိုလာကားပြိုင်ပွဲ စတင်ကျင်းပ (ရုပ်သံ)

သြစတြေးလျနိုင်ငံ ဒါဝင်မြို့မှာ အောက်တိုဘာ ၁၃ ရက်နေ့က ကမ္ဘာ့အကြီးဆုံး ဆိုလာကားပြိုင်ပွဲကို စတင်ယှဉ်ပြိုင်နေပါတယ်။
ဒီပြိုင်ပွဲမှာ နိုင်ငံပေါင်း ၂၀ ကျော်က ပြိုင်ပွဲဝင် အသင်းပေါင်း ၄၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်နေကြတာပါ။
ဒီအတွက် ပြိုင်ပွဲဝင်တွေဟာ ဒါဝင်မြို့ကနေ တောင်ပိုင်း အာဒီလိတ်မြို့ရှိရာ ကီလိုမီတာ ၃၀၀၀ ခရီးကို ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
ဘရစ်ဂျ်စတုန်း ကမ္ဘာ့ဆိုလာကားပြိုင်ပွဲဟာ နာမည်ကြီး ဆိုလာကားမောင်းပြိုင်ပွဲတွေထဲက တခု ဖြစ်ပါတယ်။
ပြိုင်ပွဲကို ၁၉၈၇ ခုနှစ်ကစလို့ နှစ်နှစ် တကြိမ် ကျင်းပပြီး ပြိုင်ပွဲဝင် ဝပ် ၁၀၀၀ ဆိုလာကားနဲ့ ဒါဝင်ကနေ အာဒီလိတ်ကို နာရီ ၅၀ နဲ့ ပန်းဝင်အောင် ယှဉ်ပြိုင်ရပါတယ်။
အောက်တိုဘာ ၁၂ ရက်က Hidden Valley Raceway ပြိုင်ပွဲမှာ ဒတ်ချ်ဆိုလာ ပြိုင်ကားအသင်းက အမြန်ဆုံးစံချိန်ကို တင်ခဲ့ပြိးတဲ့နောက် ဒါဝင် ရင်ပြင်ကနေ ထွက်လာတဲ့ ပြိုင်ဘက်တွေကို သူက အသာနဲ့ ဦးဆောင်ခဲ့ပါတယ်။
သြစတြေးလျကနေ ဆွီဒင်အထိ ကျောင်းသားတွေ ပါဝင်တဲ့ ပြိုင်ပွဲဝင်အသင်းတွေဟာ အရာရာ ကိုယ့်အားကိုယ်ကိုးရမှာ ဖြစ်ပြီး သူတို့ဟာ နေ့စဉ် ညနေ ၅ နာရီအထိ အမြန်ဆုံး မောင်းနှင်ရမှာ ဖြစ်ပါတယ်။
နောက်ပြီး သူတို့ဟာ ကန္တာရဖြတ်လမ်းတလျှောက် ယာယီတဲတွေထိုးပြီး နေထိုင်ရမှာပါ။ ပြိုင်ပွဲဝင်မယ့် ဆိုလာကားတွေကို အဆင့် ၃ ဆင့် ခွဲခြားထားပြီး ချဲလင်ဂျာ၊ ခရူဆာနဲ့ အက်ဒ်ဗန်းချားတို့ ဖြစ်တယ်လို့ သိရပါတယ်။
ရုပ်သံ - euro news.