မုန်တိုင်းကြောင့် ဂျပန်တွင် သေဆုံးသူ ၂၆ ဦးရှိပြီ၊ ကနေဒါ ရက်ဘီကစားသမားများ ဝိုင်းကူရှင်းလင်း

975
ဂျပန် တိုင်ဖွန်း ဟာဂီဘိစ်ကြောင့် သေဆုံးသူ ၂၆ ယောက်ထိရှိလာပြီး နိုင်ငံအလယ်ပိုင်းနဲ့ အရှေ့ပိုင်း မြေနိမ့်ဒေသ အတော်များများဟာ ရေလွှမ်းနေပါတယ်။
တိုင်ဖွန်းကြောင့် ၁၅ ယောက် ပျောက်ဆုံးနေပြီး ၁၀၀ ကျော် ဒဏ်ရာရတယ်လို့ Japan Today သတင်းမှာ ဖော်ပြပါတယ်။
ဒါ့အပြင် နေအိမ် ၅ သိန်းနီးပါး လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် ကမ္ဘာ့ဖလား ရက်ဘီ နောက်ဆုံးပွဲစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။ နောက်ဆုံးပွဲစဉ်မှာ ကနေဒါအသင်းနဲ့ နမ်မီးဘီးယားအသင်းတို့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အခုတော့ ကနေဒါအသင်း ရက်ဘီကစားသမားတွေဟာ မုန်တိုင်းအပြီး ရှင်းလင်းရေးလုပ်ငန်းတွေမှာ ဝိုင်းဝန်းကူညီပေးနေ ပါတယ်။
ကနေဒါ ရက်ဘီ ကစားသမားတွေဟာ လမ်းပေါ်ထွက်ပြီး ဂေါ်ပြားတွေနဲ့ ဒေသ ပြန်လည် ထူထောင်ရေးမှာ ကူညီပေးနေကြတာပါ။
ဒါ့အပြင် တိုကျိုမြို့ ဆေးရုံတခုထဲ ရေတွေ ဝင်လာတဲ့အတွက် လူနာတွေကို နေရာပြောင်းရွှေ့ပေးနေပါတယ်။
တိုင်ဖွန်းအပြီး ကယ်ဆယ်ရေးအတွက် ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၇,၀၀၀ ကို စေလွှတ်ထားပါတယ်။ သူတို့ဟာ ချီကုမမြစ်ကမ်း တာပေါင်ကျိုးပြီး သောင်တင်နေသူ ၃၆၀ လောက်ကို ကူညီကယ်ဆယ်ခဲ့ပါတယ်။
ဂျပန်ဝန်ကြီးချုပ်ရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာလည်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြည်သူတွေရဲ့အသက်ကို အရင်ဆုံး ဦးစားပေးရမယ်လို့ ပြောကြားခဲ့ပါတယ်။