ဝယ်ယူသူများ၍ စကျင်ကျေးရွာ စကျင်ရုပ်တုဈေးကွက် ကောင်းမွန်
DVB
·
October 13, 2019
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် စကျင်ကျောက်ထွက်ရှိရာ စကျင်ကျေးရွာအထိ ဝယ်ယူသူတွေ လာရောက်နေတာကြောင့် စကျင်ရုပ်တုဈေးကွက် ကောင်းမွန်နေတယ်လို့ သိရပါတယ်။
ယခင်က မန္တလေးမြို့နဲ့ အခြားဒေသတွေက မှာယူမှုတွေကိုသာ ရောင်းချပေးခဲ့ရာက အခုအခါမှာ လူသိပိုများလာပြီး စကျင်ကျေးရွာအထိ လာရောက်ဝယ်ယူကြတဲ့အတွက် အရောင်းအဝယ်ပိုမိုကောင်းမွန်လာတာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေက တနှစ်ကို ကျပ်သိန်းခြောက်ဆယ်ဖိုးလောက်သာ ရောင်းချခဲ့ကြရပြီး အခုအခါ ကျပ်သိန်း ၁၀၀ ဖိုးလောက်အထိ ရောင်းချနေရတယ်လို့ စကျင်ရုပ်တု ရောင်းဝယ်ရေးလုပ်ငန်းရှင် မယဉ်ယဉ်နွဲ့က ပြောပါတယ်။
ပြည်တွင်းက ကိုးကွယ်သူ၊ ပြန်လည်ရောင်းချသူတွေတင်မက ပြည်ပက လာရောက်ဝယ်ယူမှုတွေရှိတယ်လို့လည်း စကျင်ရုပ်တု ရောင်းဝယ်ရေးလုပ်ဆန်းရှင် ကိုထွန်းဝင်းကျော်က ပြောပါတယ်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာဟာ အရည်အသွေးကောင်းမွန်တဲ့ စကျင်ကျောက်တွေ ထွက်ရှိတာဖြစ်ပြီး စကျင်ရုပ်ထုထွင်းထုတဲ့ ပန်းတမော့လုပ်ငန်းကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက လုပ်ကိုင်ခဲ့ကြတယ်လို့ သိရပါတယ်။
လက်ရှိမှာ အိမ်ခြေ ၁၂၀၀ လောက်ရှိပြီး ကျေးရွာရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ စကျင်လုပ်ငန်းအပေါ် မှီခိုလုပ်ကိုင်နေရတယ်လို့ သိရပါတယ်။
ထိန်ထိန်လင်း