A d v e r t i s e m e n t With Us

ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတဖြစ်ခွင့်နှင့် ပတ်သက်ပြီး ဝေဖန်

သမ္မတ တဦးမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အရည်အချင်းတွေထဲမှာ မိသားစုဝင် တဦးဦးက မြန်မာနိုင်ငံသား မဟုတ်ခဲ့ရင် သမ္မတဖြစ်ခွင့် မရှိဘူးဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းချက် အပေါ် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပါတယ်။ ပြည်သူ့လွှတ်တော်အစည်းအဝေး ခေတ္တနားစဉ် သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ သတင်းထောက်တဦးကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားတွေကို မြန်မာနိုင်ငံသားအဖြစ် ခံယူမလားဆိုတဲ့ မေးခွန်းကို ပြန်လည်ပြောဆိုတာ ဖြစ်ပါတယ်။ “ဖွဲ့စည်းပုံအခြေခံဥပဒေသဘောတရားဟာ မှန်လား၊ မမှန်လားဆိုတဲ့အပေါ်မှာ အခြေခံပြီးတော့ လုပ်ရတာ။ ကိုယ်တယောက်တည်းအတွက် မလုပ်ရဘူး။ အန်တီအစကတည်းက ပြောတယ်။ ဒီကိစ္စဟာ တခါမှာလည်း မြန်မာနိုင်ငံ ဖွဲ့စည်းပုံထဲမှာ မရှိဘူး။ ဒါတမင်သက်သက်ထည့်တာလို့ပဲ ခံယူတယ်။ တမင်သက်သက်ထည့်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဟာ မလုပ်သင့်တဲ့ကိစ္စပဲ။” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်အတွက် ပြည်သူအတွက် လုပ်ဖို့ဆိုရင် အာဏာရှိဖို့လိုပြီး သမ္မတဖြစ်ဖို့လည်း လိုအပ်မယ်လို့ ပြောခဲ့ဖူးပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ဆိုတာဟာ လွှတ်တော် ၂ ရပ်လုံးက လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံဖို့လည်းလိုနေပြီး လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်းရှိနေတဲ့ တပ်မတော်သားအမတ်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ အဟန့်အတားဖြစ်စေနိုင်တာကို ဥပဒေပညာရှင်တွေက သုံးသပ်ထားကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံဥပဒေတွေ ပြင်ဆင်ဖို့အတွက် တဦးတယောက်တည်းလုပ်လို့မရဘဲ အားလုံး ပူးပေါင်းဆောင်ရွက်သွားဖို့ လိုပြီး အခက်အခဲတွေကိုလည်း ကျော်လွှားရမယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up