ဆန်အန်တိုနီယိုကို ဖုံးလွှမ်းသွားတော့မယ့် ပုရစ်ကောင်များ

1K
ဆန်အန်တိုနီယို ဒေသခံတွေ ကပ်ဆိုးတခုလို့ ခေါင်းစဉ်တပ်နေတဲ့ပုရစ်တွေ ကြောက်စရာကောင်းလောက်အောင် များပြားလာရခြင်းက ကောင်းမွန်တဲ့ရာသီဥတု အခြေအနေတွေကြောင့် ဖြစ်တယ်လို့ UPI သတင်းမှာဖော်ပြပါတယ်။
ဒီဒေသမှာ ပုရစ်ကောင်တွေကို ပုံမှန်ထက်ပိုမိုများပြားလာနေပြီး ဆန်အန်တိုနီယိုမှာရှိတဲ့ တက္ကဆက်တက္ကသိုလ်အပါအဝင် နေရာအများစုမှာ အောက်တိုဘာ ၁၀ ရက်နေ့ကတည်းက စတင်တွေ့ခဲ့ရတယ်လို့ ဒေသခံတွေ ကပြောပါတယ်။
ဒီပုရစ်ကောင်တွေနဲ့ ပတ်သက်လို့ ဒေသခံတွေကြားမှာ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ပေါ်ပေါက်နေပြီး တချို့ကလည်း ဒါကို သဘာဝကပ်ဘေးတခုလို့ သတ်မှတ်ခေါ်ဝေါ် နေကြပါတယ်။
ဒါပေမယ့် ဒီလိုမျိုး ပုရစ်ကောင်တွေ စိတ်အနှောင့်ယှက်ဖြစ်လောက်အောင် များပြားနေရခြင်းအပေါ် ရာသီဥတု အခြေအနေကို အပြစ်တင်ရမယ်လို့ ပိုးမွှားဗေဒဆိုင်ရာကျွမ်းကျင်သူတဦးဖြစ်တဲ့ မိုလီကတ်ကပြောပါတယ်။
“အမှန်အတိုင်းပြောရရင်တော့ ဒီအင်းဆက်တွေက ကျမတို့နေရာတွေကို ကျူးကျော်ဖို့ရောက်လာတာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့သူတို့က တခြားတနေရာရာကနေ ရောက်လာတာမဟုတ်လို့လေ။ ကျမတို့ဒေသရဲ့ ရာသီဥတုအခြေအနေက ဒီအင်းဆက်တွေ မျိုးပွားလို့ကောင်းအောင် ဖန်တီးပေးနိုင်ခဲ့လို့ပဲဖြစ်ပါတယ်။”
ပူးပြင်းတဲ့နွေရာသီ၊ မိုးရွာတာနောက်ကျခြင်းနဲ့ အေးမြတဲ့ရာသီဥတုတို့က ဒီလိုအင်းဆက်တွေ တိုးပွားလာမှုကို ဖြစ်စေတယ်လို့ ဆိုပါတယ်။
အခုချိန်ထိ ဆန်အန်တိုနီယို ဒေသတဝန်း ပုရစ်ကောင်တွေကို မြင်တွေ့ရမှာဖြစ်ပြီး ဒီအင်းဆက်တွေဟာ နောက်နှစ်ပတ်လောက်အထိ ဆက်ရှိနေမယ်လို့လဲ ကျွမ်းကျင်သူတွေက ပြောပါတယ်။