ခရိုနီများနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပြောဆို

2.2K
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးကို အာဃာတနဲ့ လုပ်တာကို ဆန့်ကျင်တယ်လို့ ပြောဆိုပြီး ခရိုနီတွေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ပံ့နေတာ၊ ပညာရေးနဲ့ ကျန်းမာရေးတွေ လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး ကြိုဆိုသင့်ကြောင်း ပြောပါတယ်။
“နိုင်ငံရေးလုပ်တဲ့အခါမှာ အာဃာတကို အခြေခံပြီး လုပ်တာမျိုးကို မကြိုက်ဘူး။ ခရိုနီဆိုတာလည်း အမျိုးမျိုးရှိပါတယ်။ တချို့တွေက ခရိုနီလို့ ဘာကြောင့်ခေါ်လဲဆိုတော့ န၀တ၊ နအဖလက်ထက်မှာ ချမ်းသာလာလို့။ သူတို့ချမ်းသာပုံချမ်းသာနည်းက တယောက်နဲ့ တယောက်က မတူကြဘူး။ ချမ်းသာပုံ ချမ်းသာနည်းက မတရားမှုပါလား၊ မပါလား အဲဒါတွေကို စိစစ်ရမှာပေါ့။ အဲဒါတခု။ နောက် အန်တီအမြဲပြောသလို ဘယ်သူပဲဖြစ်ဖြစ် ပြစ်မှုမထင်ရှားသရွေ့ အပြစ်မဲ့၊ ဒီလိုပဲ သတ်မှတ်ရမှာပေါ့။ နောက် ပြစ်မှုရှိသူတွေကလည်း ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပိုင်ခွင့်ရှိရမယ်။ ဒါ အန်တီရဲ့ ယုံကြည်ချက်ပဲ။ တရားဥပဒေစိုးမိုးရေးဆိုတာဟာ၊ ဒဏ်ပေးတယ်ဆိုတာဟာ လူတယောက်ကို နာစေချင်တဲ့စိတ်နဲ့ မဟုတ်ဘူး၊ ပညာပေးချင်တဲ့စိတ်နဲ့။ ဒါဟာ မလုပ်သင့်ဘူး။ မလုပ်သင့်မလုပ်ထိုက်တာကို မလုပ်အောင် နားလည်စေချင်တာပေါ့။ ပြန်လည်ထူထောင်ရေး၊ ပြန်လည်ပြုပြင်ရေးဆိုတာဟာ တရားဥပဒေအရ ဒဏ်ပေးတဲ့စနစ်မှာတောင် ပါသင့်တယ်။ မပါရင် ဒါဟာ လူရိုင်းဆန်တယ်လို့ပဲ ပြောရမှာပဲ။ ဒဏ်ပေးမှုသက်သက်ဟာ လူရိုင်းဆန်တဲ့အမြင်ပဲ။ တကယ် လူ့ယဉ်ကျေးတွေ လုပ်ဖို့ဟာ ဒဏ်ပေးတာဟာ ဒဏ်ပေးဖို့မဟုတ်ဘူး၊ ပြုပြင်ဖို့ ဆိုတဲ့ အမြင်ရှိရမယ်။ ဒဏ်ပေးမှုအပြင် ပြုပြင်ဖို့အစီအစဉ်တွေပါ တခါတည်း ရှိရမယ်။ ဒါကြောင့် ဘယ်သူမဆို အန်တီအမြင်မှာတော့ ကိုယ့်ကိုယ်ကိုယ် ပြုပြင်နိုင်တဲ့ အခွင့်အရေးပေးရမယ်။”
“နောက် ခရိုနီ ခရိုနီပြောနေပေမယ့်လည်း ဒီမိုကရေစီနိုင်ငံတွေမှာ၊ အရင်တုန်းကဆိုရင် စက်မှုတော်လှန်ရေးကာလတုန်းက သူဌေးဖြစ်ခဲ့တဲ့လူတွေဟာ တရားမျှတတဲ့ နည်းလမ်းနဲ့ ဖြစ်ခဲ့တာ မဟုတ်ပါဘူး။ အမေရိကန် ဒီမိုကရေစီနိုင်ငံမှာတောင် အင်မတန်ချမ်းသာလာတဲ့ မိသားစုကြီးတွေက စလုပ်တုန်းက လုပ်ပုံလုပ်နည်းတွေဟာ ခေါင်းပုံဖြတ်တဲ့နည်းတွေ အများကြီးသုံးခဲ့တာ ရှိတယ်။ သို့သော် နောက်ပိုင်းကျတော့ ပရဟိတတွေ အင်မတန်လုပ်တဲ့ မိသားစုကြီးတွေဖြစ်လာတယ်။ တကယ်ကို အများအကျိုးအတွက်ကို သူတို့နိုင်ငံတင်မဟုတ်ဘူး၊ ကမ္ဘာက တခြားနိုင်ငံသူနိုင်ငံသားတွေရဲ့ အကျိုးပါ ထမ်းဆောင်တဲ့ အခြေအနေရောက်လာတယ်။ အဲတော့ ဒါတွေဟာ ဖြစ်လေ့ဖြစ်ထရှိတယ်။ အန်တီက လူတယောက်ကိုကြည့်တဲ့အခါ ဒီလူဟာ တခါဆိုးလို့ တသက်လုံးဆိုးမယ်၊ ပစ်ထားမယ် ဆိုတဲ့ စိတ်မျိုး လုံးဝမရှိပါဘူး။ အန်တီတို့ ဒီလိုစိတ်ဓာတ်ရှိရင် ဘာကိုမှပြုပြင်လို့ ရမှာမဟုတ်ဘူး။ အဲတော့ ခရိုနီလို့ အခေါ်ခံရသူတွေဟာ အန်အယ်လ်ဒီနဲ့ တခြား လူမှုရေးလုပ်ငန်းတွေကို ပံ့ပိုးတယ်ဆိုရင် ဘာဖြစ်လဲ ပံ့ပိုးပါစေပေါ့။ ဒီပိုက်ဆံတွေကို တခြားနေရာမှာ အလဟဿဖြစ်အောင် သုံးမယ့်အစား ပံ့ပိုးသင့်တဲ့နေရာမှာပံ့ပိုးဖို့ သုံးတယ်ဆိုတာ အင်မတန်ကောင်းတဲ့ကိစ္စပါ။ အန်အယ်လ်ဒီကို ချဉ်းကပ်လာတာလားဆိုတော့ အဲလို မစဉ်းစားဘူး။ အန်အယ်လ်ဒီကို ချဉ်းကပ်တာလား၊ ဘယ်အဖွဲ့ကို ချဉ်းကပ်တာလား။ ဒါကို မကြည့်ဘူး။ လုပ်တာ ဘာအတွက်လုပ်တာလဲ။ ဘာကိုထောက်ပံ့တာလဲ။ ဘယ်နေရာကိုအကျိုးပြုသလဲ။ ပြည်သူကိုအကျိုးပြုမယ်။ ဒီမိုကရေစီပြောင်းလဲရေးကို အကျိုးပြုမယ်။ လိုအပ်နေတဲ့ ကျန်းမာရေးနဲ့ ပညာရေးကိစ္စတွေကို အကျိုးပြုမယ်ဆိုရင် ဒါဟာ ကြိုဆိုရမယ့်ကိစ္စပဲ။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြုလုပ်တဲ့ပွဲတွေမှာ မြန်မာနိုင်ငံက နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် ခရိုနီတွေက စပွန်ဆာပေး လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး သတင်းထောက်တဦးရဲ့ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားလိုက်တာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော်တက်ရောက်နေစဉ် လက်ဖက်ရည်သောက် နားချိန်မှာ သတင်းထောက်တွေရဲ့မေးမြန်းချက်တွေကို ဖြေကြားခဲ့တာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ အသီးသီး ပူးပေါင်းလုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး သတင်းထောက်တဦးရဲ့ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြန်လည် ဖြေကြားခဲ့ပါတယ်။
“အန်တီအမြင်ကတော့ အလုပ်ကို အခြေခံရမယ်၊ လူကို အခြေမခံရဘူး။ ကိုယ်စားလှယ်ဆိုတာ ပါတီတခုချင်းရဲ့ ကိုယ်စားလှယ်အားလုံးဟာလည်း တပုံစံတည်းမဟုတ်ဘူး။ သူတို့ရဲ့ လုပ်ရည်ကိုင်ရည်ကလည်း မတူဘူး၊ စိတ်ရင်းစေတနာလည်း မတူဘူး။ ဒါကတော့ အဖြစ်အတိုင်းပြောရမယ်ဆိုရင် ဒီအတိုင်းပဲ။ အဲတော့ ပူးပေါင်းဆောင်ရွက်လို့ ရတဲ့အခါမှာ ပြည်သူအကျိုးအတွက် ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ မြင်တယ်။ သိပ်ပုဂ္ဂိုလ်ရေးဆန်တာတို့၊ ဆန္ဒစွဲတို့၊ ဒေါသစွဲတို့ မရှိဘဲနဲ့ ပြည်သူအတွက် ဘာအကျိုးရှိမလဲဆိုတာ ကြည့်ပြီးလုပ်ရမယ်။ တယောက်နဲ့တယောက် ရန်သူလို သဘောထားပြီး တယောက်ကလုပ်တာ တယောက်က မကူဘူးဆို ဘယ်သူနာမှာလဲ။ နာမှာက နယ်ခံတွေပဲ နာမှာ။ အဲဒါက မလုပ်သင့်ဘူး။”