Home
မြန်မာသတင်း
မိုးတွင်းကာလ ရပ်နားထားသည့် မြိတ်ခရိုင် ကျွန်းလည်ပတ်ခရီးစဉ်များ ပြန်လည်စတင်
DVB
·
October 13, 2019
မိုးတွင်းကာလမှာ ရပ်နားထားတဲ့ မြိတ်ခရိုင်အတွင်းက ကျွန်းလည်ပတ်တဲ့ ခရီးစဉ်တွေကို အောက်တိုဘာလ ဆန်းကနေစပြီး ပြန်လည်စတင်နေပါတယ်။ ၂၀၁၉-၂၀၂၀  အတွက် မြိတ်ခရိုင်အတွင်းက ခရီးသွားရာသီဖွင့်ပွဲကို အောက်တိုဘာလ ၁၂ ရက်နေ့က မြိတ်မြို့ ကမ်းနားလမ်းက ဆိပ်ငယ်တံတားမှာ ပြုလုပ်ခဲ့ပါတယ်။  မြိတ်ခရိုင်အတွင်းက ကျွန်းလည်ပတ်တဲ့ ခရီးစဉ်တွေကို ပင်လယ်ပြင် ရာသီဥတု အခြေအနေကြောင့် မိုးတွင်းကာလမှာ ရပ်နားထားခဲ့တာပါ။  မြိတ်ဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ဖို့အတွက်ကိုလည်း အစိုးရအဖွဲ့က ဘတ်ဂျက်ငွေသုံးပြီး လုပ်ဆောင်ဖို့ရှိသလို နိုင်ငံတကာက ခရီးသွာပြပွဲတွေမှာလည်း မြိတ်ကျွန်းစုနဲ့ပတ်သက်လို့ စိတ်ဝင်စားမှုရှိနေတယ်လို့ တိုင်းဒေသကြီး ဟိုတယ်နဲ့ခရီးသွားလာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညိုအေးက ပြောပါတယ်။ တနင်္သာရီတိုင်းအတွင်းက ကျွန်းခရီးစဉ်တွေမှာ ကော့သောင်းခရိုင်အတွင်းက ကျွန်းတွေကိုတော့ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်တာများပြီး ပြည်တွင်းခရီးသွားတွေကတော့ မြိတ်ခရိုင်အတွင်းက ကျွန်းတွေကို လာရောက်မှုများကာ ဒီနှစ်မှာတော့ ခရီးသွားဧည့်သည် နှစ်ဆတိုးလာဖို့ မှန်းထားတယ်လို့  မြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာ သိန်းဆွေမြင့်က ပြောပါတယ်။ အခုနှစ်မှာ ခရီးသွားဧည့်သည်တွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီးအလေးထားဖို့ ပြည်ထောင်စုဝန်ကြီးက ညွှန်ကြားထားသလို သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့လည်း ဂရုတစိုက်ဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်လို့ ဦးညိုအေးက ဆိုပါတယ်။ တနင်္သာရီတိုင်းအတွင်းမှာ ကျွန်းပေါင်း ၈၀၀ ကျော်ရှိပြီး ၂၀၁၆ ခုနှစ်ကစတင်လို့ တစ်နှစ်ကို ခရီးသွားဧည့်သည် ၃ သိန်းကျော်ဝင်ရောက်ကာ နှစ်စဉ် ခရီးသွားဧည့်သည်အရေတွက် တိုးပွားလာနေတယ်လို့လည်း သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024