အသိမ်းခံရသော မြေယာပြန်ရရေး ပန်းတနော်လူထု ဆန္ဒပြမည်

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်ထဲမှာ မြေဧကပေါင်း သောင်းချီပြီး အသိမ်းခံထားရမှုနဲ့ပတ်သက်ပြီး တောင်သူလယ်သမားတွေ ဆန္ဒပြဖို့ စီစဉ်နေပါတယ်။
ပန်းတနော်၊ ညောင်တုန်းနဲ့ ဓနုဖြူမြို့နယ်တွေထဲက လယ်မြေတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကတည်းက အသိမ်းခံခဲ့ရတာဖြစ်ပြီး မြေတွေပြန်ရဖို့ သက်ဆိုင်ရာ အင်းသူကြီးတွေနဲ့ ညှိနှိုင်းခဲ့ပေမယ့်လည်း အဆင်မပြေတဲ့အတွက် ဇန်န၀ါရီ ၁၃ ရက်နေ့ ပန်းတနော်မြို့မှာ ဆန္ဒပြမယ်လို့ ကြားဝင်ဆောင်ရွက်ပေးနေတဲ့ မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်အဖွဲ့ဝင် ဦးနေမျိုးဇင်က ပြောပါတယ်။
“အင်းသူကြီးတွေကို လူထုနဲ့သွားပြီး တောင်းဆိုတော့ ပြန်ပေးမယ်ဆိုပြီး နှစ်သိမ့်ပြောဆို ပြန်လွှတ်လိုက်တယ်။ ဒါပေမယ့် နောက်ပြန်မပေးဘဲ သူတို့ပဲ စပါးစိုက်၊ ငါးမွေးလုပ်တယ်။ ကတိမတည်ဘူးပေါ့။ အဲတော့ လူထုက တော်တော်လေး ဆင်းရဲလာတယ်၊ မခံရပ်နိုင်ဖြစ်တာပေါ့။”
အဲဒီဒေသမှာ ပြည်သူအများစုက ငါးဖမ်းလုပ်ငန်း၊ လယ်လုပ်ငန်းတွေ အဓိကထား လုပ်ကိုင်နေကြပြီး မြေယာတွေ ဆုံးရှုံးခဲ့တဲ့အတွက် သူရင်းငှားဘ၀၊ လက်လုပ်လက်စားဘ၀နဲ့ ဆင်းရဲဒုက္ခရောက်နေကြတယ်လို့ ဆိုပါတယ်။
ပန်းတနော်မှာ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းက ဆင်းရဲနေကြတယ်လို့ ဦးနေမျိုးဇင်က ဆိုပါတယ်။
“စားဝတ်နေရေး အတော်ကျပ်တည်းနေတယ်။ သူ့လယ်မြေမှာပဲ အင်းသူကြီးတွေကို သီးစားခပြန်ပေးပြီး လုပ်ရတော့ ကိုယ်စိုက်ပျိုးရိတ်သိမ်းလို့ရရှိတဲ့ အမြတ်ငွေတွေ မရဘဲနဲ့ ကုပ်သွေးစုတ် အမြတ်ထုတ်ခံရတော့ အစွန်းထွက်လေးတွေ၊ အဆီအနှစ်ဝါးမျိုပြီး ကျန်ခဲ့တဲ့ အရိုးအရင်းတွေပဲ စားရတော့ တော်တော်လေး ဘ၀ပျက် ဆင်းရဲနေကြတယ်။”
ဒေသထဲမှာ အင်းသူကြီးတွေ၊ ခရိုနီတွေက အာဏာပိုရှိပြီး ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေက ပြည်သူ့ဘက်က မရပ်တည်ကြတဲ့အတွက် ဆန္ဒပြပွဲမှာ တရားဥပဒေစိုးမိုးရေးကို လည်း တောင်းဆိုသွားမယ်လို့ ပြောပါတယ်။
ဆန္ဒပြပွဲကို ညောင်တုန်း၊ ဓနုဖြူနဲ့ ပန်းတနော် သုံးပွင့်ဆိုင်လယ်သမားသမဂ္ဂက ဦးဆောင်မှာဖြစ်ပြီး အလုပ်သမားတွေပါ ပူးပေါင်းပါဝင်မှာဖြစ်ပြီး အင်အား ဘယ်လောက်ရှိမယ်ဆိုတာ မသိရသေးပေမယ့် ရဲစခန်းမှာတော့ လူ ၅၀၀ ဆန္ဒပြခွင့် တောင်းဆိုထားတယ်လို့ ဦးနေမျိုးဇင်က ပြောပါတယ်။