Home
မြန်မာသတင်း
ကျောက်မီးသွေးကြောင့် အမှားအယွင်းဖြစ်ခဲ့ပါက ဘိလပ်မြေစက်ရုံကို တရားစွဲမည်ဟု ကရင်ဝန်ကြီးချုပ်ပြော
DVB
·
October 13, 2019
ဘားအံမြို့နယ်အတွင်းက ကျေးရွာတချို့မှာ ရေတွင်း၊ ရေကန်၊ ချောင်းနဲ့ အင်းအိုင်တွေ ရေအရောင်ပြောင်းလဲတာနဲ့ ပတ်သက်ပြီး စမ်းသပ်စစ်ဆေးမှုတွေ ဆောင်ရွက်နေသလို ကျောက်မီးသွေးကြောင့် တခုခု အမှားအယွင်းရှိခဲ့ရင် မြိုင်ကလေး ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံကို တရားစွဲသွားမယ်လို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ အမှတ် ၂ ဘိလပ်မြေစက်ရုံ (တန် ၄၀၀၀) မြိုင်ကလေးစက်ရုံ အနီးတဝိုက် ကျေးရွာတွေမှာ အခုရက်ပိုင်းအတွင်း ရေတွင်း၊ ရေကန်၊ ချောင်းနဲ့ အင်းအိုင်တွေမှာ စက်ရုံက စွန့်ပစ်လိုက်တဲ့ ကျောက်မီးသွေး ရေဆိုးတွေကြောင့် ရေအရောင် ပြောင်းလဲခဲ့တာလို့ ဝေဖန်ပြောဆိုနေတဲ့အပေါ် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အခုလို ပြောဆိုလိုက်တာပါ။ “ပြည်သူတွေကို ပြောချင်တာက တကယ်လို့ ကျမ စမ်းသပ်လို့ တခုခု အမှားအယွင်း ရှိတယ်ဆိုရင် အဲဒီစက်ရုံကို ကျမ တရားပြန်စွဲမှာ။ ပြည်သူတွေဘက်က တခုပဲ ရှိတယ်။ ကျမ တရားစွဲတဲ့အခါကျရင် ပြည်သူ့က ကျမတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်ပေးရမယ်။”  ဘားအံမြို့နယ်၊ နတ်ကုန်းကျေးရွာ၊ ဒေါ်အေးမြင့်က “သူတို့စီးပွားရေးလုပ်တာ ဘယ်လိုလဲ။ ခါတိုင်းခါတိုင်း ဒီလိုတခါမှ မတွေ့ဘူး။ ထပ်ပြောစရာ ရှိတာလည်း ဒီရေတမျိုးပဲ ဒုက္ခဖြစ်တာ ကယ်ပေးပါ” လို့ ပြောပါတယ်။ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ အမှတ် ၂ ဘိလပ်မြေစက်ရုံ(တန် ၄၀၀၀)၊ စက်ရုံမှူးကြီး ဦးညိုဝင်းက “ဘာမှစစ်ဆေးတာ မပေါ်တော့ ဘာမှ ပြောလို့မရသေးလို့။ စစ်ဆေးပြီးမှ။ သာမန်အားဖြင့်ကတော့ ကိုယ်တို့ဆီက ဟုတ်၊ မဟုတ် ဆိုတာ ပြောလို့ မရသေးဘူး”လို့ ပြောပါတယ်။ ရေတွင်း ရေကန်က ရေတွေကို ဒေသခံတွေ သုံးစွဲတာတွေ မပြုလုပ်ရဲတော့တဲ့အတွက် ရေအခက်အခဲတွေ မရှိအောင် ပြည်နယ်အစိုးရက သောက်သုံးရေတွေကို ဖြန့်ဝေပေးသလို ကျန်းမာရေး စောင့်ရှောက်မှုတွေကို ဆောင်ရွက်ပေးထားပေမယ့် ရေရှည်မှာ အခက်အခဲတွေ ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ ဘားအံမြို့နယ်၊ နတ်ကုန်းကျေးရွာ၊ ဒေါ်လှသန်းက “တခါမှ ဒီလို ရေဖြစ်လာတာ မတွေ့ဖူးဘူး။ ဒီကျောက်မီးသွေး ရှိလာတဲ့ချိန်ကျမှ ဒီလိုရေက မည်းလာတော့ ကျောက်မီးသွေးရေပဲ လာလို့ စိတ်ထဲမှာတော့ သံသယ ဖြစ်နေတာပေါ့”လို့ ပြောပါတယ်။ ဘားအံမြို့နယ်၊ နတ်ကုန်းကျေးရွာ၊ ဦးမောင်အေးက “သူတို့ အရင်တုန်းကပြောတာ သူတို့အန္တရာယ်မဖြစ်အောင် ကောင်းကောင်းမွန်မွန် ထိန်းသိမ်းပြီးတော့ သူတို့ လုပ်မှာပေါ့။ အခုက ပြောတာတမျိုး လုပ်တာတမျိုး ဖြစ်နေတာပေါ့”လို့ ပြောပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံတွေ စိုးရိမ်မှုမရှိအောင် စက်ရုံအနီးက ရေတွင်းရေကို နမူနာ သောက်ပြခဲ့သလို ဌာနဆိုင်ရာတွေနဲ့ ကလေးငယ်တွေ ရေချိုးတာတွေကို ကြည့်ရှုခဲ့ပါတယ်။ တန် ၄၀၀၀ ဘိလပ်မြေစက်ရုံကို ၂၀၁၆ ခုနှစ်က စတင်ပြီး သဘာဝဓာတ်ငွေ့ကနေ ကျောက်မီးသွေးလောင်စာ ပြောင်းလဲသုံးစွဲဖို့ စတင်ကတည်းက ဒေသခံတွေက ကန့်ကွက်ခဲ့ကြပေမယ့် ကျောက်မီးသွေးလောင်စာနဲ့ ဒီကနေ့အထိ စက်ရုံက လည်ပတ်နေဆဲလို့ ဒေသခံတွေက ပြောပါတယ်။ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024