ဟယ်ရီကိန်းကို လှောင်ပြောင်သည့် လီဗာပူး လူငယ်ကြယ်ပွင့် ကစားခွင့် ၂ ပတ် ပိတ်ပင်ခံရ
အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းရဲ့ ပုံစံကို စနပ်ချတ်ဗွီဒီယိုတင်ပြီး ရိုင်းစိုင်းစွာလှောင်ပြောင်သရော်ခဲ့တဲ့ လီဗာပူးလူငယ်ကြယ်ပွင့် ဟာဗေးအဲလီရော့တ်ကို အက်ဖ်အေက ဘောလုံးကစားခွင့် နှစ်ပတ်ပိတ်လိုက်ပါတယ်။
အဲလီရော့တ်ဟာ အသက် ၁၆ နှစ်အရွယ်သာ ရှိသေးပြီးတော့ ပရီးမီးယားလိဂ်ရဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် သတ်မှတ်ခံထားရသူပါ။
အဲလီရော့တ်ဟာ သူတင်ခဲ့တဲ့ ဗွီဒီယိုကို မြန်မြန်ဆန်ဆန်ပြန်ဖြုတ်ခဲ့ပေမယ့် အွန်လိုင်းအသုံးပြုသူတွေကြားမှာ ပျံ့နှံ့သွားခဲ့လို့ အင်စတာဂရမ်ကနေတစ်ဆင့် ကိန်းကို လူသိရှင်ကြား တောင်းပန်ခဲ့ပါတယ်။
ဟာဗေးဟာ အင်္ဂလန်ရဲ့ အနာဂတ်ဘောလုံးကြယ်ပွင့်ဖြစ်လာနိုင်မယ့်သူ ဖြစ်ကြောင်း သုံးသပ်သူတွေက တညီတညွတ်တည်း ချီးကျူးထားပေမယ့် အသက်အရွယ်အရ မရင့်ကျက်တဲ့ အပြုအမူတွေကြောင့် မကြာခဏဆိုသလို ဝေဖန်ခံနေရသူလည်း ဖြစ်ပါတယ်။