မြန်မာဖိုက်တာ ဖိုးသော် တောင်ကိုရီးယားက ယွန်ချန်းမင်းကို ဒိုင်ပွဲရပ်ဖြင့် ရှုံးနိမ့်

ဒီကနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ ဝမ်းချန်ပီယံရှစ်ရဲ့ စင်ကျူရီပြိုင်ပွဲမှာ မြန်မာဖိုက်တာ ဖိုးသော်ဟာ တောင်ကိုရီးယားက ယွန်းချန်းမင်းကို ဒိုင်ပွဲရပ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။
အောင်လအန်ဆန်း ပြီးရင် ပရိသတ်အားပေးမှု အများဆုံးရရှိထားတဲ့ ဖိုးသော်ကတော့ MMA ကစားသမားသက်တမ်းတလျှောက် ဒုတိယမြောက်ရှုံးပွဲကို ရင်ဆိုင်ခဲ့ရတာပါ။
ဖိုးသော်ဟာ အခုပွဲမှာတော့ တောင်ကိုရီးယားက ယွန်းချန်းမင်းကို ပွဲအစမှာ အသာစီးရပြီး လည်ပင်းချုပ်ကွက်နဲ့ စောစောစီးစီး ပွဲသိမ်းနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ပြိုင်ဘက်ရဲ့ ကြံ့ခိုင်မှုပိုင်းကို မယှဉ်နိုင်ခဲ့တာကြောင့် ယွန်းချန်းမင်းရဲ့ ချုပ်ကွက်ထဲ ပြန်ဝင်သွားခဲ့ပြီး ပထမအချီ ၃ မိနစ် ၂၃ စက္ကန့်လောက်မှာပဲ ဒိုင်ပွဲရပ်နဲ့ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။
တောင်ကိုရီးယား MMA ဖိုက်တာယွန်းချန်းမင်းကတော့ ဒီနယ်ပယ်ထဲကို ဝင်ရောက်လာတာ မကြာသေးသလို ၂ ပွဲသာ ထိုးသတ်ထားဖူးပြီး ၂ ပွဲလုံး အနိုင်ရထားခဲ့ပါတယ်။
သူ့ရဲ့ နိုင်ပွဲ နှစ်ပွဲဟာလည်း ပထမအချီမှာပဲ အောင်ပွဲခံခဲ့တာ ဖြစ်သလို အခုပွဲမှာလည်း ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားတဲ့အတိုင်း ပထမအချီမှာပဲ အနိုင်ရရှိအောင် စွမ်းဆောင်သွားနိုင်ခဲ့ပါတယ်။