Homeမြန်မာသတင်း
တရုတ်နိုင်ငံကို လူကုန်ကူးခံရသူများနှင့် အလုပ်အဆင်မပြေသည့် မြန်မာ ၂၆ ဦး နေရပ်ပြန်ရန် ကူညီပေးခဲ့
တရုတ်နိုင်ငံကို လူကုန်ကူးခံရသူများနှင့် အလုပ်အဆင်မပြေသည့် မြန်မာ ၂၆ ဦး နေရပ်ပြန်ရန် ကူညီပေးခဲ့
DVB
·
October 12, 2019
တရုတ်နိုင်ငံကို လူကုန်ကူးခံခဲ့ရသူတွေနဲ့ အလုပ်အကိုင် အဆင်မပြေတဲ့ မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံကို ပြန်ပို့ဖို့အတွက် တရုတ်အာဏာပိုင်တွေနဲ့ ညှိနှိုင်းပေးခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
၂၀၁၉ ခုနှစ် ဩဂုတ်လထဲမှာ တာဝန်သိပြည်သူတယောက်က တရုတ်နိုင်ငံ၊ ဟဲနန်ပြည်နယ်နဲ့ ကျန်းရှီးပြည်နယ်တို့မှာ လူကုန်ကူးခံရပြီး တရုတ်အမျိုးသားတွေဆီကို အမျိုးသမီး ၃ ယောက် ရောင်းစားခံထားရတယ်လို့ သတင်းပေးလာတာကြောင့် ပေကျင်းမြို့၊ မြန်မာသံရုံးက သူတို့ကို ကူညီကယ်တင်နိုင်ဖို့ သက်ဆိုင်ရာ ပြည်နယ်လုံခြုံရေးဌာနတွေနဲ့ ညှိနှိုင်းခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအမျိုးသမီးတွေဟာ လူပွဲစားတယောက်က တရုတ်နိုင်ငံမှာ အလုပ်အကိုင်ရမယ်လို့ ပြောဆို ခေါ်ဆောင်လာပြီး တရုတ်အမျိုးသားတွေဆီ မယားအဖြစ် ရောင်းစားခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီ ၃ ယောက်ထဲက ၂ ယောက်ကို ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ မြန်မာနိုင်ငံကို ပြန်ပို့ပေးခဲ့ပြီး ကျန်နေတဲ့ တယောက်ကိုလည်း ပြန်ပို့နိုင်ဖို့ သူဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတဲ့ သက်သေခံလက်မှတ် (Certificate of Identity) ကို အောက်တိုဘာ ၈ ရက်မှာ ကျန်းရှီးပြည်နယ် လုံခြုံရေးဌာနကို ပေးပို့ခဲ့ပြီး ဖြစ်ပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံ ရှန်းတုံးပြည်နယ်၊ ဝေဟိုင်မြို့မှာ ရောင်းစားခံရထားရတဲ့ မြန်မာနိုင်ငံသား ၂၂ ယောက်ကို ကူညီကယ်တင်ပေးဖို့ အခု အောက်တိုဘာလထဲမှာပဲ ဆက်သွယ် ပြောကြားလာတာကြောင့် မြန်မာသံရုံးကနေ သက်ဆိုင်ရာ တရုတ်အာဏာပိုင်တွေနဲ့ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါတယ်။
သူတို့ဟာ တရုတ်နိုင်ငံက မုန့်စက်ရုံတွေမှာ အလုပ်ရမယ်ဆိုပြီး အလုပ်ပွဲစားတွေက ပြောဆို ခေါ်ဆောင်လာပေမယ့် တကယ်မှာတော့ ကျောက်ခွဲလုပ်ငန်းစတဲ့ ပင်ပန်းတဲ့ အလုပ်တွေပဲ လုပ်နေရတာကြောင့် မြန်မာနိုင်ငံကို ပြန်ချင်တာ ဖြစ်ပါတယ်။
ဒါ့အပြင် ရေဘဝဲစက်ရုံမှာ လုပ်ကိုင်နေတဲ့ ချင်းပြည်နယ်က မြန်မာနိုင်ငံသား ၄ ယောက်ကလည်း အဲဒီ ၂၂ ယောက်နဲ့အတူ မြန်မာနိုင်ငံကို ပြန်ချင်တယ်လို့ သံရုံးကို ဆက်သွယ်လာတာကြောင် သံရုံးရဲ့ ညှိနှိုင်းဆောင်ရွက်ပေးမှုအရ သူတို့ ၂၆ ယောက်လုံးဟာ အောက်တိုဘာ ၉ ရက်နေ့ကပဲ တရုတ်နိုင်ငံ၊ ရှန်းတုန်းပြည်နယ်ကနေ မြန်မာနိုင်ငံကို ပြန်ထွက်သွားပြီလို့ ဆိုပါတယ်။