၂၀၁၃ ဆီးဂိမ်းအကြို သတင်းစာရှင်းလင်းပွဲ ပြုလုပ်

ဒီနှစ်ကုန်ပိုင်း မြန်မာနိုင်ငံမှာ ကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် အားကစားကွင်း တည်ဆောက်မှု ပြီးစီးလုဖြစ်နေပြီး   အားကစားရုံတည်ဆောက်မှုကတော့ သုံးပုံနှစ်ပုံနီးပါး ပြီးနေပြီလို့ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုပါတယ်။ နေပြည်တော်မှာ ဒီနေ့ပြုလုပ်တဲ့ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ၂၀၁၃ ဆီးဂိမ်းအကြို သတင်းစာရှင်းလင်းပွဲမှာ အခုလို ထုတ်ဖော် ပြောကြားလိုက်တာပါ။ အားကစားဝန်ကြီးဌာန၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ယဉ်ကျေးမှု စတဲ့ ၀န်ကြီးဌာနတွေက တာဝန်ရှိသူတွေဟာ ပြည်တွင်းမီဒီယာအဖွဲ့တွေကို ဖိတ်ကြားပြီး ပြိုင်ပွဲအတွက် ကြိုတင် ဆောင်ရွက်ထားတာတွေကို ရှင်းလင်း ပြောကြားခဲ့ကြပါတယ်။ သတင်းစာရှင်းလင်းပွဲတက်ရောက်ခဲ့တဲ့ ပြည်တွင်း အားကစားကလောင်ရှင်တဦးက “ဒီဇင်ဘာမှာလုပ်မယ့် ဆီးဂိမ်းအတွက် အခြေခံအဆောက်အဦပိုင်းကတော့ ၉၀ ရာခိုင်နှုန်းကျော်ကျော် ပြီးနေပါပြီ။ အဓိက အားကစားကွင်းကြီး ၂ ခု ၀ဏ္ဏသိဒ္ဓိနဲ့ ဇေယျာသီရိ ဆိုရင် အားကစားကွင်းအနေအထား အားလုံးပြီးသွားပြီ။ Landscape ပိုင်း၊ ပန်းအလှစိုက်တာလောက်ပဲ ကျန်တော့တယ်။ အားကစားရုံတွေကတော့ တည်ဆောက်ဆဲပဲ။ တရားဝင်ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ၆၂ ရာခိုင်နှုန်း လောက်ပဲ ပြီးသေးတယ်။ တချို့ မြားပစ်ကွင်းတို့တော့ ပြီးပြီ။ ဒါပေမယ့် မြင်းစီးကွင်းတို့ဘာတို့ကတော့ စဆောက်ခါစ အနေအထားမျိုး တွေ့ရတယ်” လို့ ပြောပါတယ်။ အာဆီယံနိုင်ငံတွေက လာရောက်ယှဉ်ပြိုင်ကြမယ့် အားကစားသမားပေါင်း ၄၈၀၀ အတွက် အားကစားရွာတခု တည်ဆောက်ထားတာလည်း အတော်ပြီးစီးနေပြီလို့ ပြောပါတယ်။ အဆင့်မြင့် အားကစားကိုယ်စားလှယ်အဖွဲ့တွေ တည်းခိုဖို့အတွက်တော့ နေပြည်တော်ဟိုတယ် ၃၃ လုံးမှာ ကြိုတင်ဘွတ်ကင်လုပ်ထားကြောင်း ရှင်းလင်း ပြောကြားတယ်လို့လည်း ဆိုပါတယ်။ ပြိုင်ပွဲကာလအတွင်း ကား၊ ရထား၊ လေယာဉ် ခရီးစဉ်တွေ တိုးချဲ့ ပြေးဆွဲသွားမှာဖြစ်ပြီး အင်တာနက်နဲ့ ဖုန်းအသုံးပြုမှု အဆင်ပြေလွယ်ကူမြန်ဆန်အောင် လုပ်ပေးမယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက အသိပေးပြောကြားခဲ့ပါတယ်။ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အားကစားဝန်ကြီးဌာနက မြန်မာနိုင်ငံမှာ ကျင်းပမယ့် ဆီးဂိမ်းမှာ ရွှေတံဆိပ် ၁၀၀ ကျော်ရဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း တရားဝင်ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဒီပြောဆိုချက်အပေါ် ပြည်တွင်းအားကစားကလောင်ရှင်က “ရွှေတံဆိပ် အခု ၁၀၀၊ ၁၀၀ ကျော် ရဖို့ ကြိုးပမ်းနေတယ်။ ကျနော့်အမြင်ကတော့ ရွှေတံဆိပ်များများရရေး ဆိုတာထက် ပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး၊ နိုင်ငံရဲ့ ဂုဏ်သိက္ခာဆောင်နိုင်ရေး၊ သန့်ရှင်းမျှတရေးက ပိုပြီး အရေးကြီးမယ်လို့ မြင်ပါတယ်။” မီဒီယာအဖွဲ့တွေကို အားကစားပြိုင်ပွဲတွေကျင်းပမယ့် နေပြည်တော်ကို ခေါ်ယူပြီး လိုက်လံပြသ ရှင်းလင်းပြောကြားချက်တွေအရတော့ ဆီးဂိမ်းပြိုင်ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်လိမ့်မယ်လို့ ထင်မြင်ယူဆမိကြောင်းလည်း ပြောပါတယ်။ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံမှာ ကျင်းပမယ့် ဆီးဂိမ်းပြိုင်ပွဲကို လာမယ့် ဒီဇင်ဘာ ၁၁ ရက်ကနေ ၂၂ ရက်ထိ ကျင်းပသွားမှာဖြစ်ပြီး အားကစားနည်း ၃၀ ပါဝင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ  အိမ်ရှင်အဖြစ် ဆီးဂိမ်းပြိုင်ပွဲကို ၁၉၆၉ ခုနှစ်က နောက်ဆုံး လက်ခံကျင်းပခဲ့တာမို့ ၄၄ နှစ်ကြာမှ အခုလို တခါပြန်လည် ကျင်းပခွင့်ရတာ ဖြစ်ပါတယ်။

//
More News
Up