တိုင်ဖွန်းမုန်တိုင်းကြီးဒဏ် ဂျပန်နိုင်ငံ စတင်ခံစားနေရ

နှစ် ၆၀ အတွင်း အားအကောင်းဆုံး တိုင်ဖွန်းမုန်တိုင်း ဟာဂီဘိစ်ဟာ ဂျပန်နိုင်ငံကို အောက်တိုဘာ ၁၂ ရက် စနေညနေ ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။ လေတိုက်နှုန်း တနာရီကို ၁၃၄ မိုင်နဲ့ တိုကျိုရဲ့ အရှေ့ဘက် ချိဘခရိုင်ကနေ ကုန်းတွင်းဝင်ရောက်မယ့် အဆင့်ငါး တိုင်ဖွန်းမုန်တိုင်းကြီးရဲ့အကြို မိုးဒဏ်လေဒဏ်တွေကို ဂျပန်မှာ ခံစားနေရပါပြီ။ မုန်တိုင်းကြောင့် ကုန်ကားတိမ်းမှောက်ခဲ့လို့ အောက်တိုဘာ ၁၂ ရက်မှာ လူတယောက် သေဆုံးခဲ့တယ်လို့ AFP သတင်းဌာနက ပြောပါတယ်။  ကမ္ဘာ့ဖလား ရပ်ဂ်ဘီပြိုင်ပွဲနဲ့ ဂရင်းပရီ ပြိုင်ကားမောင်းပွဲတို့ကိုလည်း ဖျက်သိမ်းရတဲ့အပြင် လေကြောင်းခရီးစဉ် ၁၆၀၀ ကျော်ကိုလည်း ဖျက်သိမ်းထားရပါတယ်။  မုန်တိုင်းက ပစိဖိတ်သမုဒ္ဒရာတလျှောက် ဂျပန်နိုင်ငံဆီ ဦးတည်ရွေ့လျားလာနေပုံကို နာဆာရဲ့ နိုအာဂြိုဟ်တုက ဖမ်းယူရိုက်ကူးထားပါတယ်။  လူပေါင်း ၁ ဒသမ ၆ သန်းအပေါ် သက်ရောက်မယ့် ဒီမုန်တိုင်းဝင်မယ့် လမ်းကြောင်းမှာ သက်ကြီးနိုင်ငံသားတွေ ကလေးတွေနဲ့ လူနာတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက တိုက်တွန်း ထားပါတယ်။  လပြည့်နေ့နဲ့ တိုက်ဆိုင်နေလို့ ပင်လယ်ဒီရေတက်မှာ ဖြစ်တဲ့အတွက် ရေကြီးမယ့် ဘေးကိုလည်း ဂျပန်အစိုးရက ပြင်ဆင်ထားပါတယ်။

More News
Up