မြေကွက် စည်းကမ်းချက်များကို လေ့လာပြီးမှ လျှောက်လွှာဝယ်ရန် အစိုးရ တိုက်တွန်း
နန်းမြနဒီ
·
October 12, 2019
အစိုးရက ရောင်းချပေးနေတဲ့ မြေကွက်တွေနဲ့ပတ်သက်ပြီး စည်းကမ်းချက်တွေ၊ မြေကွက် တည်နေရာတွေကို ကြိုတင်လေ့လာပြီးမှ အေးအေးဆေးဆေး လျှောက်လွှာဝယ်ပါလို့ ရန်ကုန်တိုင်း အစိုးရက တိုက်တွန်းထားပါတယ်။
ရန်ကုန်မြို့သစ်တွေနဲ့ စက်မှုဇုန်တွေမှာရှိတဲ့ အစိုးရ စီမံခန့်ခွဲခွင့်ရှိတဲ့ မြေကွက်တွေ ဝယ်ဖို့ လျှောက်လွှာတွေကို အောက်တိုဘာ ၇ ရက်နေ့ကစ ရောင်းချပေးနေတာဖြစ်ပြီး လူထောင်ချီ လာရောက်ဝယ်ယူနေတာကြောင့် အခုလို ထုတ်ပြန်တိုက်တွန်းလိုက်တာပါ။
လျှောက်လွှာတစောင်ကို ကျပ်တသောင်းနဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးရုံးမှာ ရောင်းနေတာဖြစ်ပြီး နိုဝင်ဘာ ၈ ရက်နေ့အထိ ရောင်းချမှာ ဖြစ်ပါတယ်။
ဒဂုံ အရှေ့၊ တောင်၊ မြောက်၊ ဆိပ်ကမ်း၊ ရွှေပြည်သာ၊ လှိုင်သာယာနဲ့ မှော်ဘီတို့မှာ လူနေထိုင်ဖို့နဲ့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဖို့ လျှောက်ထားနိုင်ပြီး စက်မှုလုပ်ငန်း လုပ်ကိုင်ဖို့အတွက် ဆိုရင်တော့ မြောင်းတကာစက်မှုဇုန်ကိုပဲ လျှောက်ထားရမှာ ဖြစ်ပါတယ်။
မြေအသုံးပြုခွင့်ရသူတွေဟာ အကြောင်းကြားခံရတဲ့နေ့ကနေ ၆ လအတွင်း မြေစည်ပင်စရိတ်ကို တကြိမ်တည်း အကြေချေရမှာဖြစ်ပြီး မြေအသုံးပြုမိန့်ရပြီး ၆ လအတွင်းမှာပဲ အိမ်ဆောက်တာ၊ လုပ်ငန်းစတင်တာတွေ လုပ်ရမှာပါ။
အဆောက်အအုံတွေ ပြီးသွားရင်တော့ မြေငှားစာချုပ်(ဂရန်) ရအောင် ဆောင်ရွက်ပေးမှာဖြစ်ပြီး ၃ နှစ်အတွင်း အမည်ပြောင်းတာ၊ ရောင်းတာတွေ မလုပ်ရဘူးလို့ ဆိုပါတယ်။
စည်းကမ်းလိုက်နာဖို့ ပျက်ကွက်ရင်တော့ မြေကိုရော၊ မြေပေါ်က အဆောက်အအုံကို ပြန်ပြီး သိမ်းယူမှာဖြစ်ပြီး ငွေကိုတော့ ပြန်ပေးမှာ မဟုတ်ပါဘူး။
မြေကွက်တွေကို ဈေးနှုန်းအသေသတ်မှတ်ထားတာမဟုတ်ဘဲ ကြမ်းခင်းဈေးတွေ ကြေညာပေးထားပြီး အဲဒါကို အခြေခံ အဆိုပြုလျှောက်ထားရမှာ ဖြစ်ပါတယ်။
သတ်မှတ်ထားတဲ့ကြမ်းခင်းဈေးတွေကတော့ လှိုင်သာယာမြို့နယ်မှာ ပေ ၄၀×၆၀ မြေတကွက်ကို ကျပ်သိန်း ၉၀ ကနေ ကျပ်သိန်း ၄၀၀၊ လှိုင်သာယာထဲက စက်မှုဇုန်တွေမှာတော့ တဧကကို ကျပ်သိန်း ၁၇၀၀၊ ရွှေလင်ဗန်းစက်မှုဇုန်မှာ တဧကကို ကျပ်သိန်း ၁၉၀၀၊ နဝဒေးအိမ်ရာမှာ စတုရန်း ၁ ပေကို ကျပ် ၃၀၀၀၀၊ အက်ဖ်အမ်အိုင်အိမ်ရာမှာ စတုရန်း ၁ ပေကို ကျပ် ၄၅၀၀၀၊ ပန်းလှိုင်အိမ်ရာမှာ စတုရန်း ၁ ပေကို ကျပ် ၉၀၀၀၀ နဲ့ တခြား လုံးချင်းအိမ်ရာတွေမှာကတော့ စတုရန်း ၁ ပေကို ကျပ် ၂၅၀၀၀ ဖြစ်ပါတယ်။
ရွှေပြည်သာ မြို့နယ်မှာ ပေ ၄၀×၆၀ မြေတကွက်ကို ကျပ်သိန်း ၅၀ ကနေ ကျပ်သိန်း ၃၀၀၊ သာဓုကန်စက်မှုဇုန်မှာ မြေ တဧကကို ကျပ်သိန်း ၁၂၀၀၊ ဒဂုံမြို့သစ်မြောက်ပိုင်းမှာ ပေ ၄၀×၆၀ မြေတကွက်ကို ကျပ်သိန်း ၅၀၀ ကနေ ၁၅၀၀၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမှာ ပေ ၄၀×၆၀ မြေတကွက်ကို ကျပ်သိန်း ၅၀ ကနေ ကျပ်သိန်း ၇၀၀၊ ဒဂုံမြို့သစ်တောင်ပိုင်းမှာ ပေ ၄၀×၆၀ မြေတကွက်ကို ကျပ်သိန်း ၃၀ ကနေ ကျပ်သိန်း ၇၀၀၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမှာ ပေ ၄၀×၆၀ မြေတကွက်ကို ကျပ်သိန်း ၅၀ ကနေ ကျပ်သိန်း ၃၀၀ အစရှိသဖြင့် သတ်မှတ်ထားပါတယ်။