သီရီလင်္ကာ အိုးအိမ်ဝန်ကြီး ပရီမာဒါဆာ သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်
သီရိလင်္ကာနိုင်ငံက အိုးအိမ်ဝန်ကြီး ဆာဂျစ်သ် ပရီမာဒါဆာဟာ သမ္မတလောင်း ကိုယ်စားလှယ်အဖြစ် မဲဆွယ်နေပါတယ်။
နိုဝင်ဘာ ၁၆ ရက် ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် ပြည်တွင်းစစ်ကာလ စစ်တပ်အကြီးအကဲကို အမျိုးသားလုံခြုံရေးအကြီးအကဲတာဝန် ခန့်အပ်မယ်လို့လည်း သူက ကတိပေးထားပါတယ်။
အသက် ၅၂ နှစ်အရွယ် ပရီမာဒါဆာဟာ သမ္မတလောင်း ကိုယ်စားလှယ် ၂ ဦးအနက် တဦးပါ။ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အာမခံချက်တွေနဲ့ သူ့ဖခင် သမ္မတဟောင်း ရာနာဆင်းကြောင့်လည်း ပရီမာဒါဆာကို လူသိများပါတယ်။
သူ့ဖခင် သမ္မတဟာ ၁၉၉၃ တမီလ်ကျားသူပုန်တွေရဲ့ အသေခံတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပါတယ်။
ခုတော့ ဝန်ကြီး ပရီမာဒါဆာဟာ စစ်အတွင်းက ကာကွယ်ရေးအကြီးအကဲဆီက စိန်ခေါ်မှုကို ရင်ဆိုင်နေရတာပါ။
လတ်တလောမှာလည်း အီစတာနေ့ ခရစ်ယာန် ဘုရားကျောင်းတွေကို တိုက်ခိုက်မှုအတွင်း လူ အယောက် ၂၅၀ ကျော် သေဆုံးထားလို့ ဒီအရေးဟာ ရွေးကောက်ပွဲအတွက် စကားရည်လုရာမှာ အဓိက နေရာမှာ ရှိနေပါတယ်။