ဂျာမနီတွင် သေနတ်သမား ပစ်ခတ်မှုကြောင့် ၂ ဦး သေ
ဂျာမနီနိုင်ငံ အရှေ့ပိုင်းက ဟာလယ်မြို့မှာ ဦးထုပ်နဲ့ တိုက်ခိုက်ရေးဝတ်စုံဝတ်ထားတဲ့ လူတယောက်က အောက်တိုဘာ ၉ ရက်က ပစ်ခတ်လို့ လူ ၂ ယောက် သေဆုံးတယ်လို့ ရဲက ပြောပါတယ်။
လမ်းထဲမှာ ရပ်ထားတဲ့ ကားတစီး နောက်ကနေ သေနတ်နဲ့ ပစ်ခတ်နေပုံကို အပျော်တမ်း ရုပ်သံ ရိုက်ကူးသူတယောက်က ရိုက်ကူးမိခဲ့တာပါ။
သူ့ရဲ့ ဓာတ်ပုံကိုတော့ ဝဲ့တ်လ်ရုပ်သံက ပြပါတယ်။ ရဟူဒီဘုရားကျောင်းရှေ့မှာ ပစ်ခတ်ခဲ့တာဖြစ်ပြီး လက်ပစ်ဗုံးတလုံးကိုလည်း ဂျူးသင်္ချိုင်းတခုထဲ ပစ်ထည့်ခဲ့တယ်လို့ ဒေးလီး ဘစ်လ်ဒ်သတင်းစာက ပြောပါတယ်။
လူတယောက်ဟာ ဟာလယ်မြို့ထဲက ကီးဘတ် ဆိုင်တဆိုင်ထဲကို သေနတ်နဲ့ပစ်ခဲ့တယ်လို့ မျက်မြင်သက်သေ တယောက်က n-tv ကို ပြောပါတယ်။
ဂျူးဘာသာဝင်တွေရဲ့ အမြင့်မြတ်ဆုံး ဥပုသ်ချိန်မှာ ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။ သေနတ်နဲ့ ပစ်ခတ်မှုနဲ့ ဂျူးတွေကို ပစ်မှတ်ထားပြီး လက်ပစ်ဗုံးနဲ့ တိုက်ခိုက်မှုတွေကို မီဒီယာတွေက အစီရင်ခံ နေပေမယ့် ရဲတွေက ချက်ချင်း အတည်ပြုချက် မထုတ်ပြန်သေးပါဘူး။